ဘန်ကောက် နိုဝင်ဘာ ၂
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတဲ့အပေါ် ထိုင်းအတိုက်အခံ People’s Party (ပြည်သူ့ပါတီ) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက ဘန်ကောက်မြို့ ရတ်ချာဒမ်နွန်နော့ လမ်းပေါ်မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီနေ့က Bright Future ဆိုတဲ့ ရွှေ့ပြောင်းလုပ်သားအဖွဲ့ရဲ့ ခေါင်းဆောင် ဝီရာ ဆဲင်ထောင်းဦးဆောင်တဲ့ ဆန္ဒထုတ်ဖော်သူတွေဟာ ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် နိုင်ငံသားစိစစ်ရေး CI စင်တာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်အရ လက်ရှိ CI စနစ်ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် မမျှတတဲ့ ငွေကြေးဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေပြီး လုပ်သားတွေအနေနဲ့ ပန်းရောင်ကတ်တစ်ခုတည်းကိုသာ အထောက်အထားအဖြစ် အသုံးပြုခွင့်ရသင့်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆန္ဒထုတ်ဖော်နေစဉ်အတွင်း ထိုင်းဘုရင်စနစ်ကို ထောက်ခံတဲ့ အဖွဲ့ဝင်တချို့နဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ဝီရာဟာ လူအုပ်စုတစ်စုရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်းဖော်ပြချက်တွေအရ တိုက်ခိုက်သူတွေဟာ ဝီရာကို လက်သီးနဲ့ထိုးတာ၊ ဦးခေါင်းကို ရိုက်နှက်တာ၊ ဆိုင်ကယ်ဦးထုပ်နဲ့ ရိုက်တာ၊ ခြေထောက်နဲ့ ကန်ကျောက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တားဆီးခဲ့ပြီး ဝီရာကို အခင်းဖြစ်ပွားရာနေရာကနေ အကာအကွယ်ပေးပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်း People’s Party က နိုဝင်ဘာ ၁ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ကာ နိုင်ငံရေးအမြင်မတူညီမှုတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အကြောင်းပြချက် မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆန္ဒထုတ်ဖော်သူတွေရဲ့ တောင်းဆိုချက်တွေကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လူတိုင်းမှာ အသက်ရှင်သန်ခွင့်နဲ့ ကိုယ်ခန္ဓာလုံခြုံမှုရပိုင်ခွင့်ရှိတယ်လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းလုပ်သားဖြစ်စေ လူတိုင်းဟာ ဥပဒေရဲ့ အကာအကွယ်ကို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ ရရှိသင့်တယ်လို့လည်း ပါတီက အလေးပေးပြောကြားခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်မှု ဒါမှမဟုတ် တောင်းဆိုမှုတစ်ခုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ပြဿနာရှိနေတယ်ဆိုရင်လည်း အင်အားသုံးဖြေရှင်းမယ့်အစား ဆွေးနွေးညှိနှိုင်းခြင်း ဒါမှမဟုတ် တရားဥပဒေကြောင်းအရ ဖြေရှင်းခြင်းကိုသာ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို ဝင်ရောက်တားဆီးရုံနဲ့ မလုံလောက်ဘဲ ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဗီဒီယိုမှတ်တမ်းတွေ၊ သက်သေအထောက်အထားတွေကို စုဆောင်းပြီး တိုက်ခိုက်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူဖို့ တောင်းဆိုထားပါတယ်။
အရေးယူဆောင်ရွက်ရာမှာလည်း လူတစ်ဦးရဲ့ နိုင်ငံသားဖြစ်မှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခြေအနေ ဒါမှမဟုတ် နိုင်ငံရေးခံယူချက်တွေအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှု မရှိစေရဘူးလို့ ထပ်မံအလေးပေးထားပါတယ်။
ထိုင်း People’s Party ရဲ့ ဘန်ကောက်လွှတ်တော်အမတ် ဆာစီနန် ထမ်နီထီနန်ကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး နိုင်ငံရေးအယူအဆတစ်ခုခုကို ထောက်ခံတာဟာ တခြားသူတစ်ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခွင့်ရစေတဲ့ အကြောင်းပြချက် မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ထိုင်း People’s Party ကတော့ ဥပဒေဆိုတာ ကိုယ့်နဲ့ အမြင်တူသူတွေကိုပဲ အကာအကွယ်ပေးပြီး အမြင်မတူသူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကို လျစ်လျူရှုထားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးဆိုတဲ့ အဓိပ္ပာယ်ဟာ ပျောက်ဆုံးသွားမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာလည်း People’s Party ခေါင်းဆောင် Natthaphong Ruengpanyawut က ဒီတိုက်ခိုက်မှုကို ထပ်မံကန့်ကွက်ရှုတ်ချခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းစီးပွားရေးအတွက် အရေးပါကြောင်းနဲ့ လုပ်သားမှတ်ပုံတင်ရေးစနစ်တွေမှာ ရှိနေတဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။
လက်ရှိအချိန်အထိတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခိုက်သူတွေကို ဖမ်းဆီးအရေးယူထားခြင်း ရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Ref:khaosodenglish

