တနင်္သာရီမှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ NUG စာသင်ကျောင်း ၃၀ အကူအညီ လိုအပ်နေ

တနင်္သာရီ၊ အောက်တိုဘာ ၂၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း ရေဘေးကြောင့် ပျက်စီးသွားတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ စာသင်ကျောင်း ၃၀ အကူအညီ လိုအပ်နေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၅၀ ထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် NUG စာသင်ကျောင်းတွေလည်း ရေနစ်မြှုပ်ပျက်စီးမှုအတွင်း ပါဝင်ခဲ့ပါတယ်။

ရေကြီးမှုဟာ တပတ်ကျော်ကြာမြင့်ခဲ့ပြီးနောက် ရေပြန်ကျချိန် စာသင်ဆောင်တွေအပါအဝင် ဝှိုက်ဘုတ်၊ စာရေးခုံ၊ ထိုင်ခုံ၊ ကျောင်းတံခါးနဲ့ အိမ်သာတွေ အပါအဝင် ကျောင်းသုံးပစ္စည်းတွေအားလုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ရေကြီးပြီးနောက် အပျက်အစီးတွေကို ရပ်ရွာနေပြည်သူတွေရဲ့ အကူအညီနဲ့ ပြန်လည်လုပ်ဆောင်ခဲ့ပေမယ့် ပြုပြင်ထိန်းသိမ်းရမယ့် လုပ်ငန်းစဉ် အများအပြား ကျန်ရှိနေတယ်လို့ တနင်္သာရီမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေမှာ အပျက်အစီးတွေ ရှင်းလင်းတာ၊ အသစ်ပြန်လည်ပြုပြင်မွမ်းမံနိုင်ဖို့ ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြရပြီး တဖက်မှာလည်း ကလေးတွေ စာသင်ကြားမှု မပျက်အောင် အဆင်ပြေတဲ့ နေရာတွေမှာ သင်ကြားပေးနေရတယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်မှာ NUG လက်အောက်ခံ စာသင်ကျောင်းပေါင်း ၃၀ ကျော်ဖွင့်လှစ်ထားပြီး မူလတန်းကနေ အထက်တန်းအထိ ကျောင်းသားဦးရေ ၅၀၀၀ ကျော် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.