ကျိုက်ထိုမှာ စစ်တပ်ဗုံးကြဲမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရ

ကျိုက်ထို၊ အောက်တိုဘာ ၂၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းစောက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ချောင်းစောက်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာ လေယာဉ် နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

စစ်တပ်ဘက်က ကြဲချလိုက်တဲ့ ဗုံး နှစ်လုံးဟာ ကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိပေမယ့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ချောင်းစောက်ကျေးရွာက ဒေသခံပြည်သူတွေ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုလအတွင်း ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ထားပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မြင့်တက်လာပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုလအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ လုံခြုံမှုနဲ့ လူသားချင်စာနာမှုဆိုင်ရာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.