တောမီး မီးခိုးမြူကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ အင်ဒိုနီးရှား အစိုးရက အောက်စီဂျင် ဘတ်စ်ကားတွေ စေလွှတ်

ပလန်ဂါ ရာယာ ၊အောက်တိုဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်ရှိ တောမီးတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးမြူတွေကြောင့် အသက်ရှူရ ဒုက္ခရောက်နေသူတွေဆီ အင်ဒိုနီးရှား အစိုးရက အောက်စီဂျင်ဘူးတွေ ပို့ဆောင်ထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကျွန်းပေါ်မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေလည်း အရှိန်လျော့သွားမယ့် လက္ခဏာ မတွေ့ရသေးပါဘူး။

အင်ဒိုနီးရှားမှာ ဆူမတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ တော်မီးလောင်ကျွမ်းတဲ့ ရာသီရောက်တိုင်း တောမီးတွေ ငြှိမ်းသတ်ရလေ့ရှိပါတယ်။

ဒါပေမဲ့ အခုနှစ်မှာတော့ ဆယ်စုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး တောမီးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ကမ္ဘာ့ အပူချိန် ပိုမို မြင့်မားလာနေချိန်မှာ အင်ဒိုနီးရှား တောမီးပြဿနာတွေ ကြုံနေရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား တောမီးကြောင့် မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့မှာလည်း လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ် နေပါတယ်။

အလယ်ပိုင်း ကလီမန်တန် မြို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားသူ များလာတာကြောင့် အစိုးရက အောက်စီဂျင်ဘူးတွေ တင်ဆောင်ထားတဲ့ ဘတ်စ်ကားတွေ စေလွှတ်နေပါတယ်။

ကျန်းမာရေးနဲ့ မညီတဲ့ လေထု အရေအသွေးကြောင့် အသက်ရှူရ ခက်ခဲနေသူတွေ အနေနဲ့ အသက်ရှူရ အဆင်ပြေစေဖို့ ဒေသဆိုင်ရာ အစိုးရက အောက်စီဂျင်တွေ ပို့ပေးနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဒေသ တချို့မှာ လေထု ညစ်ညမ်းမှု အခြေအနေ အရမ်းဆိုးရွားနေပြီး ကျန်းမာရေးအတွက် အန္တရာယ်များတဲ့ အဆင့်အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။

သြဂုတ်လကနေ အောက်တိုဘာအထိ လောင်ကျွမ်းနေတဲ့ တောမီး ၃၅၀၀၀၀ ကျော်အထိ ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှု ပိုများလာတာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒါက သဘာဝပေးတဲ့ အန္တရာယ် တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့ လုပ်ပေးနိုင်တာ များများစားစား မရှိပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံသား တစ်ဦးက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.