တသက်လုံး သင်္ဘောပေါ်မှာ နေထိုင်ဖို့ အိပ်မက်မက်ခဲ့ကြသူ ၂၀၀ ကျော် ကမ္ဘောဒီးယားမှာ သောင်တင်နေ

ဖနွမ်းပင် အောက်တိုဘာ ၂၈

ကမ္ဘာပတ်ခရီးထွက်ရင်း တသက်လုံး သင်္ဘောပေါ်မှာ နေထိုင်ဖို့ အိပ်မက်မက်ခဲ့ကြတဲ့ ခရီးသည် ၂၀၀ ကျော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ရုတ်တရက် သောင်တင်နေကြရပါတယ်။

ထူးခြားတာကတော့ အဲဒီခရီးသည်တွေထဲမှာ သင်္ဘောပေါ်မှာပဲ ဘဝတသက်တာ နေထိုင်ဖို့အတွက် သူတို့ပိုင်ဆိုင်သမျှ အိုးအိမ်စည်းစိမ်တွေကို ရောင်းချပြီး ငွေကြေးရင်းနှီးမြှုပ်နှံထားသူတွေတောင် ပါဝင်နေတာပါ။

အမေရိကန်အခြေစိုက် Villa Vie Residences ကုမ္ပဏီပိုင် Odyssey အမည်ရှိ အပျော်စီးသင်္ဘောဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကစပြီး ကမ္ဘာပတ်ခရီးကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောမှာ ခရီးသည်တွေဟာ အခန်းတွေကို ဝယ်ယူတာ၊ ငှားရမ်းတာတွေ ပြုလုပ်နိုင်ပြီး အပန်းဖြေခရီးအဖြစ်သာမက ကိုယ့်အိမ်လိုမျိုး ရေရှည်နေထိုင်နိုင်အောင် စီစဉ်ပေးထားတာပါ။

ဒါပေမဲ့ အခုအခါမှာတော့ ကုမ္ပဏီဘက်က ငွေကြေးအခက်အခဲ ကြုံတွေ့လာတာကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။

သင်္ဘောဟာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီဟာနုဗီးလ်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီကနေ ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ ခရီးသည်တွေကို သူတို့ရဲ့ပစ္စည်းတွေ သိမ်းဆည်းပြီး သင်္ဘောပေါ်ကနေ ဆင်းခွာဖို့ အချိန် ၇ နာရီသာ ပေးခဲ့တယ်လို့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ပြောပါတယ်။

သင်္ဘောပေါ်မှာ ခရီးသည် ၂၀၃ ဦးနဲ့ ဝန်ထမ်း ၁၅၆ ဦး ပါဝင်ခဲ့ပြီး ခရီးသည်တချို့ကတော့ လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားကြပေမဲ့ တချို့ကတော့ ဆီဟာနုဗီးလ်မြို့မှာ ဆက်လက်သောင်တင်နေကြပါတယ်။

ဒီလို ရုတ်တရက် ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ အီရန်စစ်ပွဲနောက်ပိုင်း လောင်စာဆီစရိတ်တွေ အဆမတန် မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ အရင်က သင်္ဘောအခန်းတစ်ခန်းအတွက် တစ်လလောင်စာဆီစရိတ် အမေရိကန်ဒေါ်လာ ၁,၈၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အခုအခါ အာရှဒေသတချို့မှာ ဒေါ်လာ ၆,၀၀၀ ကနေ ၈,၀၀၀ အထိ မြင့်တက်လာခဲ့တာပါ။

ဒီကုန်ကျစရိတ်တွေကို ခရီးသည်တွေဆီ ထပ်မံကောက်ခံဖို့ မဖြစ်နိုင်တာကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ကုမ္ပဏီက ရှင်းပြထားပါတယ်။

ကုမ္ပဏီဘက်ကတော့ ခရီးသည်တွေအတွက် ယာယီနေထိုင်စရာတွေ စီစဉ်ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပေမဲ့ ခရီးသည်တစ်ဦးကတော့ အကူအညီလုံလောက်စွာ မရရှိခဲ့ဘူးလို့ ဝေဖန်ထားပါတယ်။

လက်ရှိမှာ Odyssey သင်္ဘောဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဆီဖြည့်ပြီး ဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားပေမဲ့ ခရီးသည်တွေရဲ့ အနာဂတ်အတွက်တော့ မရေရာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

တသက်လုံး ကမ္ဘာပတ်ခရီးထွက်ရင်း သင်္ဘောပေါ်မှာ နေထိုင်ဖို့ စိတ်ကူးထားတဲ့ လူတွေအတွက်တော့ အခုခရီးစဉ်ဟာ အိပ်မက်တစ်ခုကနေ ရုတ်တရက် အခက်အခဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.