ကျိုက်ထို၊ အောက်တိုဘာ ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကာလအတွင်း အန္တရာယ်ကင်းဝေးရေး နှစ်ဖက်အဖွဲ့ကို ကျပ်သိန်း ၅၀၀၀ ပေးကမ်းထားရတယ်လို့ ကျိုက်ထီးရိုးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ကနေ မေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ကျိုက်ထီးရိုး ဘုရားပွဲတော်ကာလအတွင်း ဘုရားအနီးတဝိုက် တိုက်ပွဲတွေနဲ့ ပစ်ခတ်မှု မဖြစ်ပွားရေးအတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကို ပေးကမ်းထားရတာ ဖြစ်ပါတယ်။
ကျိုက်ထီးရိုး ဘုရားပွဲတော်ကာလ အန္တရာယ်ကင်းဝေးရေးအတွက် စစ်အုပ်စုကို ကျပ်သိန်း ၂၅၀၀ ၊ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ကျပ်သိန်း ၂၅၀၀ ပေးကမ်းထားရတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ကျိုက်ထီးရိုးလုပ်ငန်းရှင် တစ်ဦးကတော့ ဘုရားပွဲကာလအတွင်း ဘုရားဖူးပြည်သူတွေ အေးချမ်းစွာ လာရောက်နိုင်ဖို့၊ ဈေးသည်နဲ့လုပ်ငန်းရှင်တွေ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ နှစ်ဖက်စလုံးကို ဂါရဝတရားအနေနဲ့ ပေးကမ်းထားရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘုရားပွဲတော်ကာလအတွင်း အန္တရာယ်ကင်းဝေးရေးအတွက် ငွေကျပ်သိန်း ၅၀၀၀ ပေးကမ်းထားရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်တပ်အသွင်းပြောင်း မွန်ပြည်နယ်အစိုးရနဲ့ KNU အပါအဝင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီနှစ် ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပါအဝင် စစ်အစိုးရကို ထပ်မံပေးဆောင်ရတဲ့ အခွန်တွေကြောင့် လေလံကြေး ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။
လေလံဈေး ကြီးမြင့်မှုကြောင့် တည်းခိုခန်းခ၊ တောင်တက်ယာဉ်ခ၊ ထမင်းဆိုင်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ကျပ် ၃၀၀၀ ကနေ ကျပ် ၂၀၀၀၀ ကျော် ဈေးနှုန်းမြင့်တက်လာပါတယ်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကနေ ရရှိနေတဲ့ တည်းခိုခန်းခအခွန်၊ဈေးဆိုင်ခန်းခအခွန်၊ တောင်တက်ယာဉ်ခအခွန်၊ ကေဘယ်လ်ကားအခွန်တွေကိုတော့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ရရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

