ရေဖြူ၊ အောက်တိုဘာ ၂၉
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရန်ကင်းကျေးရွာနဲ့ ဒေါက်လောက်ကျေးရွာကြားရှိ ထားဝယ်မြစ်ကူးတံတားအနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညီအစ်မနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျေးရွာအနီးရှိ ရော်ဘာခြံမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် နှစ်ဦးဟာ ဒေသအခေါ် ကင်းတံတားမှာ ဓာတ်ပုံရိုက်ဖို့သွားစဉ် မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ညီအစ်မနှစ်ဦးဟာ မျက်နှာ၊ ခြေထောက်၊ ရင်ဘတ်နဲ့လက်တွေမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
မိုင်းထိပြီး ဒဏ်ရာရသွားတဲ့ ညီအမ နှစ်ဦးကို ရွာခံတွေက ထားဝယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ကင်းတံတားမှာ အာဏာသိမ်း စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ မလာနိုင်အောင် တံတားအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း ပုလောမြို့နယ် အထက်ပေါင်းကျေးရွာအနီး မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ မိုင်းနင်းမိတာကြောင့် အမျိုးသား တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

