မွန်မှာ လောင်းကစားဝိုင်းတွေ ပြန်လုပ်နေပေမယ့် လွှတ်တော်အမတ်တွေ နှုတ်ဆိတ်နေ

မော်လမြိုင် ၊ အောက်တိုဘာ ၂၉

မွန်ပြည်နယ် လွှတ်တော်မှာ လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေးအဆို အောင်မြင်ထားပေမယ့် မြေပြင်မှာ သီတင်းကျွတ်တော်ပွဲတော်ကာလနဲ့အတူ လောင်းကစားဝိုင်းတွေ ပြန်လည် ပြုလုပ်နေတဲ့အပေါ် လွှတ်တော်အမတ်တွေ နှုတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

လောင်းကစားဝိုင်းတွေဟာ လက်ရှိ သီတင်းကျွတ် ပွဲတော်ကာလနဲ့အတူ အ‌ကြောင်းအမျိုးမျိုးပြ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာကအစ ဇာတ်ပွဲတွေ သွင်းပြီး လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ပြန်လည် ပြုလုပ်နေတာပါ။

လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ မိုးတွင်းကာလက ဇာတ်ပွဲတွေနဲ့ အတူ နားထားပြီး အခိုင်အမာ ရုံတွေနဲ့ ပြုလုပ်နေရာမှ လက်ရှိ အများပြည်သူ သွားလာ လည်ပတ်တဲ့ ပွဲလမ်းသဘင်တွေမှာ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒေသခံ တစ်ဦးကတော့ လောင်းကစားဝိုင်းတွေကို ပိတ်ပင်ဖို့ အဆိုအောင်မြင်ကတည်းက လောင်းကစားဝိုင်းတွေကို ပိတ်သိမ်းတာ မရှိသလို နေရာ ရွေ့ပြီး တစ်နှစ်ပတ်လုံး ပြုလုပ် နေတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဟိုအစကတည်းက အခုချိန်ထိ မသိမ်းမှ မသိမ်းတာ၊ ကြာပြီး တစ်နှစ်ပတ်လုံး ရှိတယ်။ ပြီးခဲ့တဲ့နှစ် ပွဲရာသီထဲက အခုချိန်ထိပဲ။ ဟိုဘက် သွားပြန်ရွေ့ ဆောက်တယ်၊ ဒီလိုပဲ တစ်နှစ်ပတ်လုံး၊လုံးလုံး မရှိဘူးဆိုတာ မရှိဘူး။ အခုလုပ်နေတာ ၈ ရက်/၉ရက် ရှိပြီးပေါ့၊ ဒီနေ့ပါဆို” လို့ ဆိုပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေ ပိတ်ပင်ဖို့ လွှတ်တော်မှာ အဆိုအောင်မြင်ထားပေမယ့် အခုလို ပေါ်ပေါ်ထင်ထင် ပြန်လုပ်တာဟာ ကိုယ်စားလှယ်တွေအနေနဲ့ ဘာအဆိုတင်တင် အစိုးရအနေနဲ့ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ သဘော ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ လွှတ်တော်မှာ အဆိုအောင်ပြီး အစိုးရက လိုက်မလုပ်ပါက ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ကနေ ပြန်ပြီး ဆွေးနွေးထောက်ပြသင့်သလို သက်ဆိုင်ရာဝန်ကြီးကလည်း စိစစ်ပြီး ပြန်လုပ်ပေး သင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော် မြင်တာကတော့ ကိုယ်စားလှယ်တွေကတဆင့် ပြန်ပြီးတော့ စိစစ် ဆွေးနွေး သုံးသပ်သင့်တယ်။ ကွဲလွဲတာ ဒါမှမဟုတ် လွဲချော်တာ ရှိတယ်ဆိုရင်တော့ လွှတ်တော်ဘက်ကနေ ပြန်ပြီးတော့ ဆွေးနွေး ထောက်ပြဖို့တော့ သင့်တာပေါ့။ သက်ဆိုင်ရာ ဝန်ကြီးကလည်း စီမံ အုပ်ချုပ်ရေးအရပေါ့နော်။ကွဲလွဲမှု ရှိရင်တော့ ပြန်ပြီးတော့ စိစစ်ပြီးတော့ ပြန်လုပ်ပေး သင့်တာပေါ့”လို့ ဆိုပါတယ်။

ဒေသတွင်းမှာ တရားဝင်သဖွယ် ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေ ပိတ်ပင်ဖို့ အဆိုကိုတော့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုထားပါတယ်။

ပြည်နယ်စစ်အစိုးရအဖွဲ့ကတော့ ဒေသတွင်းမှာ လောင်းကစားဝိုင်းတွေ မရှိစေရေးနဲ့ ဖမ်းဆီးအရေးယူမှု အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာ ကတိပြုထားပေမယ့် လောင်းကစားဝိုင်းတွေ ပြန်လည်ကျင်းပမှုအပေါ် လျစ်လျူရှုထားတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ မိသားစုတွေ စီးပွားပျက်တာ၊ ဒေသတွင်း ခိုးဆိုးလုနှိုက်မှုတွေနဲ့အတူ ဆိုင်ကယ် ခိုးမှုတွေ မကြာခဏ အဖြစ်များလာပေမယ့် စစ်အစိုးရကတော့ လောင်းကစားဝိုင်းတွေကို ဆက်လက်ခွင့်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.