ကျိုက်ထိုနဲ့ဘီးလင်း စစ်ရှောင်တွေ လုံခြုံမှုအခက်အခဲ ပိုမိုကြုံတွေ့နေရ

ကျိုက်ထို၊ အောက်တိုဘာ ၂၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေကြောင့် လုံခြုံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ KNU ဗဟိုက ပြောပါတယ်။

ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျိုက်ထိုမြို့နယ်က အရပ်သား ၃ ဦး၊ ဘီးလင်းမြို့နယ်က အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင်လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေ၊ မော်တော်ယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာတွေကိုပါ လက်နက်ကြီးနဲ့လေကြောင်း ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာကြောင့် လုံခြုံမှု အခက်အခဲ ပိုမိုဆိုးဝါးလာတာ ဖြစ်ပါတယ်။

KNU ဗဟိုကတော့ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

KNU ရဲ့ အချက်အလက်တွေအရ ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.