နယူးယောက် ၊ အောက်တိုဘာ ၂၉
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေအပေါ် ဆက်လက်ပြီး နှုတ်ဆိတ်မနေဖို့နဲ့ ပြည်သူတွေနဲ့အတူ အခိုင်အမာ ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ သူက ထည့်သွင်းပြောဆိုခဲ့တာပါ။
ဦးကျော်မိုးထွန်းအနေနဲ့ လွတ်လပ်မှုကို လိုလားတဲ့ မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုပြောကြားတာလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခအားလုံးအတွက် အဓိက ဇစ်မြစ်မှာ စစ်အုပ်စုနဲ့ သူတို့ကျင့်သုံးနေတဲ့ စစ်အာဏာရှင်စနစ်နဲ့ အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေခြင်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်အုပ်စုနဲ့ သူတို့ရဲ့ စစ်ခေါင်းဆောင်တွေဟာ ရာဇဝတ်ကောင်တွေသာဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်မက်တွေ ဆက်လက် တိုးမြှင့်ကျူးလွန်နေတဲ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း လိုက်နာဖို့ ငြင်းဆန်ခဲ့တယ်လို့ ထောက်ပြပါတယ်။
စစ်အုပ်စုနဲ့ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုစီ လက်ဆွဲနှုတ်ဆက်မှု တစ်ခုစီတိုင်းက သူတို့ကို အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ နိုင်ငံရေးအတွက် ကာကွယ်ပေးရာရောက်တာကို မိမိတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အဲဒီ ရာဇဝတ်ကောင်တစ်သိုက်လုံးကို တရားဝင်မှု တစ်စုံတစ်ရာ ပေးအပ်မှုကနေ ရှောင်ကြဉ်ပေးကြဖို့ တိုက်တွန်းထားတာပါ။
မြန်မာပြည်သူတွေအပေါ် စစ်လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေပြီး နိုင်ငံရေးအကျဉ်းသားတွေလည်း အကျဉ်းထောင်တိုင်တွေနောက်ကွယ်မှာ နေနေရချိန် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဘယ်လိုမှ မဖြစ်နိုင်ကြောင်းကိုလည်း ထောက်ပြပါတယ်။
မိမိတို့အနေနဲ့ မြန်မာပြည်သူတွေ အဖက်ဖက်က ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ချက်ချင်း ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းထံကနေ ခိုင်မာထိရောက်တဲ့ အကူအညီတွေ လိုအပ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုထံကို တိုက်လေယာဉ်ဆီ ရောင်းချတာ ဖြတ်တောက်ဖို့၊ လက်နက်နဲ့ ငွေကြေးထောက်ပံ့တာတွေ ရပ်တန့်ဖို့ အပါအဝင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတစ်ဆင့် မြေပြင်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုက်ရိုက်ပေးပို့ရေးကိုလည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကယ်တင်ပေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအခြေအနေတစ်စုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးထံ လွှဲပြောင်းတင်သွင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီကနေ အရေးယူလုပ်ဆောင်ဖို့ နှောင့်နှေးကြန့်ကြာနေချိန်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ ပိုမို ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ချမှတ်သင့်ကြောင်းကိုလည်း မိန့်ခွန်းမှာ တိုက်တွန်းတောင်းဆိုထားတာပါ။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် ထပ်ခါထပ်ခါ ပျက်ကွက်ခဲ့တာက ခါးသီးတဲ့ အမှန်တရားပဲဖြစ်ပြီး မိမိတို့အနေနဲ့ သူရဲကောင်းတွေကိုဖြစ်စေ အပြစ်မဲ့ပြည်သူတွေကိုဖြစ်စေ ကလေးငယ်တွေ လူငယ်တွေ ညီအစ်ကို မောင်နှမတွေ သက်ကြီးရွယ်အိုတွေကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့ဘူးလို့ အသိပေးပါတယ်။
သူတို့အနေနဲ့ NUG ၊ SCEF ၊ တိုင်းရင်းသားမဟာမိတ်တွေနဲ့အတူ စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်ကို တော်လှန်နေကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး တက်ကြွစွာ ရုန်းကန် လှုပ်ရှားနေကြကြောင်း အစည်းဝေးမှာ ဦးကျော်မိုးထွန်းက ပြောကြားထားတာပါ။
အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုကော်မတီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက အထူးလုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ တာဝန်ရှိသူတွေက စုပေါင်းရှင်းလင်းပြောကြားတာနဲ့ အပြန်အလှန်ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၄ နိုင်ငံလောက် ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစစမ်းစစ်ဆေးရေးယန္တရား IIMM အကြီးအကဲ နီကိုလတ်ခွန်ဂျန်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကယ်လီကာရီတို့ကလည်း အစီရင်ခံတင်ပြခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

