ဝါရှင်တန်၊ အောက်တိုဘာ ၂၈
အမေရိကန် စစ်တပ်က အီရန် စစ်ပွဲကို အပြီးသတ် ဆင်နွှဲဖို့ ဒေါ်လာ ၄၇ ဘီလီယံ အထိ သုံးစွဲခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ ပမာဏဟာ ဇူလိုင်လအတွင်းက ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့တဲ့ ပမာဏထက် ၂၅ ရာခိုင်နှုန်း ပိုများနေတာ ဖြစ်ပါတယ်။
ဒီ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာ သတင်းဌာနက ပန်ကြားခဲ့ပေမယ့် ပင်တဂွန်က ချက်ချင်း တုံ့ပြန်မှု မရှိခဲ့ပါဘူး။
ပင်တဂွန်ရဲ့ ခန့်မှန်းချက်ကိုတော့ လူသိရှင်ကြား ကြေညာထားတာ မရှိပါဘူး။
အီရန် စစ်ပွဲအတွက် ကုန်ကျစရိတ် မြင့်တက်လာနဲ့ ပတ်သက်ပြီး ဖော်ပြချက်ဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်ခင် လူကြိုက် မများတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ထောက်ခံမှု နည်းနေတဲ့ ရီပက်ဘလေကန်တွေ ရုန်းကန်နေရချိန် မှာ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို သဘောထားတွေကြောင့် လာမယ့်နှစ်နှစ်မှာ လွှတ်တော်ကို ဘယ်သူတွေက ထိန်းချုပ်မလဲဆိုတာ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။
အဲဒီ စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ကုန်ကျစရိတ်တွေအပေါ် ထိခိုက်စေခဲ့ပြီး ရီပက်ဘလေကန် ကိုယ်စားလှယ်လောင်းတွေအတွက် ထောက်ခံမှုအပေါ် သက်ရောက်မှု ရှိခဲ့ပြီး သမ္မတ ထရန့် အပေါ်မှာလည်း လူထု ထောက်ခံမှု လျော့ကျသွားခဲ့ပါတယ်။
ထရန့်ရဲ့ ရီပက်ဘလေကန်ပါတီဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ အမတ်နေရာ အနည်းငယ် အသာနဲ့ပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပင်တဂွန်ရဲ့ နောက်ဆုံး ခန့်မှန်းချက်က စစ်ပွဲ ဆင်နွှဲတဲ့ စစ်ဆင်ရေး ကုန်ကျစရိတ်တွေနဲ့ ဆက်စပ်နေပါတယ်။
စစ်ပွဲအတွင်း သုံးစွဲလိုက်တဲ့ ခဲယမ်းမီးကျောက်တွေကို ပြန်လည် ဖြည့်တင်းရေး ဒေါ်လာ ၂၉ ဘီလီယံ သုံးစွဲရမှာ ဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။
စစ်ပွဲအတွင်း ဆုံးရှုံးခဲ့ရတဲ့ ဒရုန်း တော်တော်များများ အပါအဝင် လေယာဉ် ဆုံးရှုံးမှု တခြား ဆုံးရှုံးမှုတွေအပြင် စစ်လက်နက် ကိရိယာတွေ အစားထိုးရေး ဒေါ်လာ ၆ ဘီလီယံကျော် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ထရန့်က အစ္စရေးနဲ့ ပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ချိန်က စစ်ပွဲဟာ ခေတ္တခဏပဲ ကြာမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ထရန့်က အီရန် စစ်ပွဲ အစမှာ ဈေးကြီးပြီး တိကျသေချာမှု မြင့်မားတဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး နောက်ပိုင်းမှာ ဈေးမကြီးတဲ့ လက်နက်ခဲယမ်းတွေကို သုံးမယ့် ဗျူဟာနဲ့ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဧပြီလ အပစ်အခတ် ရပ်စဲထားချိန်အတွင်း အီရန်က မြေအောက် သိုလှောင်ရေး နေရာတွေ တည်ဆောက်နိုင်ခဲ့ပြီး ကာကွယ်မှု တချို့ ပြုလုပ်နိုင်ခဲ့ ပါတယ်။
အဲဒီနောက် အီရန် ရေနံ တင်ပို့မှုက ဝင်ငွေ မရှိစေရေး ထရန့်က အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ထားခဲ့ပါတယ်။
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲ အပြီးမှာ အီရန်ကို ထပ်ပြီး တိုက်ခိုက်နိုင်ကြောင်းလည်း ထရန့်က ပြောထားပါတယ်။
အမေရိကန် စစ်တပ်အနေနဲ့ အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါလို့ အမိန့် ပေးလာရင် ပြန်လည် တိုက်ခိုက်နိုင်ရေး စီစဉ်နေပြီလို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အီရန် စစ်ပွဲအတွက် အမေရိကန်က ဒေါ်လာ ၃၇ ဒသမ ၅ ဘီလီယံ သုံးစွဲခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီး ဟက်ဆေ့ချ်က ပြောကြားမှုနဲ့ ပင်တာဂွန်ရဲ့ နောက်ဆုံး စာရင်းက အများကြီး ကွာဟနေတာ ဖြစ်ပါတယ်။
Ref:Reuters

