အာဆီယံနဲ့ ကာကွယ်ရေးပူးပေါင်းမှု မူဘောင်သစ်တစ်ခု ဖော်ဆောင်ဖို့ အမေရိကန် အဆိုပြု

မနီလာ အောက်တိုဘာ ၂၈

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုများပြားလာနေချိန်မှာပဲ အမေရိကန်က အာဆီယံနိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်ဖို့ ကာကွယ်ရေးမူဘောင်သစ်တစ်ခု ဖော်ဆောင်ရန် အဆိုပြုလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆာ့ချ်က အောက်တိုဘာ ၂၈ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ အခုလို အဆိုပြုခဲ့တာပါ။

ဒီအဆိုပြုချက်ရဲ့ ထူးခြားချက်ကတော့ အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား စစ်ရေးပူးပေါင်းမှုကို လက်ရှိအခြေအနေထက် ပိုမိုကျယ်ပြန့်ပြီး ရေရှည်ကျတဲ့ မူဘောင်တစ်ခုအောက်မှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်တို့ဟာ ကိစ္စရပ်အားလုံးမှာ သဘောထားတူညီနေဖို့ မလိုအပ်ဘဲ ဘုံအကျိုးစီးပွားရှိတဲ့ ကဏ္ဍတွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ပင်လယ်ပြင်လုံခြုံရေး စောင့်ကြည့်မှုတွေ၊ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုတိုးမြှင့်ဖို့ တိုက်တွန်းခဲ့တာပါ။

အခုလို အမေရိကန်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာတာဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ကြား ပိုင်နက်အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားနေချိန်လည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရရဲ့ ပြောကြားချက်အရ စက်တင်ဘာလအတွင်း အငြင်းပွားနေတဲ့ ပင်လယ်ပြင်ဒေသတွေမှာ တရုတ်စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ လှုပ်ရှားမှုဟာ နှစ်ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

တဖက်မှာလည်း အမေရိကန်နဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီးတွေဟာ တရုတ်နိုင်ငံအနီး ပစိဖိတ်ကျွန်းစုတလျှောက် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့နဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန်ဘက်ကတော့ ၂၀၂၇ ခုနှစ်မှာ စင်ကာပူနိုင်ငံက အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးကို ဦးဆောင်မယ့်ကာလအတွင်း ဒီမူဘောင်သစ်ကို စတင်ဖော်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဒီအစီအစဉ်ဟာ အဆိုပြုချက်အဆင့်သာရှိသေးပြီး တိကျတဲ့ သဘောတူညီချက်တွေကို မထုတ်ပြန်ရသေးပါဘူး။

နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ ဒီခြေလှမ်းဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အင်အားပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနေတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အာဆီယံနိုင်ငံတွေရဲ့ စစ်ရေးနဲ့ မဟာဗျူဟာမြောက် အရေးပါမှု ပိုမိုမြင့်တက်လာနေတယ်ဆိုတာကို ပြသနေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.