ဝါရှင်တန်၊ အောက်တိုဘာ ၁၇

အမေရိကန်က ရေတပ်နဲ့ ပိတ်ဆို့ထားပေမယ့် အီရန်က ဇူလိုင်လနောက်ပိုင်း LPG ဓာတ်ငွေ့ အရည်နဲ့ လေယာဉ်ဆီ တချို့ ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သင်္ဘောလမ်းကြောင်း ထောက်လှမ်းရေးနဲ့ လုံခြုံရေးမှာ ပါဝင်သူတွေက ပြောပါတယ်။

အိုမန် ကမ်းလွန်မှာ တခြား ပင်လယ်ကွေ့ လောင်စာ ထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ သင်္ဘော အချင်းချင်း လွှဲပြောင်း တင်ဆောင်မှု ပိုများလာချိန် တီဟီရန်က မကြာသေးခင် သီတင်းပတ်တွေအတွင်း အဲဒီလို ကုန်စည်တွေကို လူမသိသူမသိ သယ်ပို့နိုင်ခဲ့တယ်လို့ ပင်လယ်ကွေ့ ရေနံ စီးဆင်းမှုတွေကို ခြေရာခံနေတဲ့ ရေကြောင်း လုံခြုံရေးက လူ ၄ ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အမေရိကန်ရဲ့ ရေတပ်နဲ့ ပိတ်ဆို့ထားမှုကြောင့် အီရန် ရေနံစိမ်း တင်ပို့မှုတွေရပ်တန့်သွားခဲ့ပေမယ့် ဓာတ်ငွေ့အရည်တွေနဲ့ လေယာဉ်ဆီ တချို့ကို တင်ပို့နိုင်ခဲ့တယ်လို့ ပထမဆုံး သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သင်္ဘောလမ်းကြောင်းနဲ့ ဂြိုဟ်တု ခြေရာခံစနစ်ကို သုံးပြီး အီရန်နဲ့ ဆက်စပ်နေတဲ့ လောင်စာတင် သင်္ဘောာတွေရဲ့ သွားလာမှုတွေကို စောင့်ကြည့်နေတဲ့ အမေရိကန် အကျိုးဆောင် အုပ်စု (UANI) ရဲ့ လေ့လာမှုမှာ အီရန် LPG ဓာတ်ငွေ့ အရည်တွေ တင်ဆောင်ထားတဲ့ သင်္ဘော ၈ စီးထက် မနည်း ဇူလိုင်လလယ် နောက်ပိုင်း အိုမန် ပင်လယ်ကွေ့ကနေ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြပါတယ်။

အီရန် လေယာဉ်တင်ဆီတွေ တင်ဆောင်ထားတဲ့ နောက်တပ် လောင်စာတင် သင်္ဘော တစ်စီး စက်တင်ဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း ဂြိုဟ်တု ပုံရိပ်တွေနဲ့ ရေကြောင်း ထောက်လှမ်းရေး လုပ်ငန်း SynMax ရဲ့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားတဲ့ အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ လေယာဉ်ဆီ လုပ်ငန်းနယ်ပယ်ကို အမေရိကန်က ၂၀၂၃ ခုနှစ်အတွင်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို မြန်မာ စစ်တပ်က အကြိမ်ကြိမ် ငြင်းဆိုထားပြီး သူတို့ရဲ့ စစ်ဆင်ရေးတွေက လက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဓာတ်ငွေ့တင် သင်္ဘော ၈ စီးထဲက ၆ စီးဟာ အီရန် ဓာတ်ဆီနဲ့ ဓာတ်ဆီ ထုတ်ကုန်တွေ သယ်ယူပို့ဆောင်မှုအတွက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုမှာ ပါဝင်နေတဲ့ သင်္ဘောတွေ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

အီရန် ဓာတ်ငွေ့ အရည်တွေ တင်ဆောင်ထားတဲ့ သင်္ဘော အနည်းငယ် ဖြတ်သန်းသွားတာကို မိမိတို့ မြင်တွေ့ခဲ့ရပေမယ့် လောင်စာတင် သင်္ဘော အများစုကို အမေရိကန် တပ်တွေက လမ်းကြောင်း ပြန်ပြောင်းခဲ့ကြောင်း UANI ရဲ့ အကြီးတန်းသုတေသီ ဂျီမီမာ ရှီလေးက ပြောပါတယ်။

အိုမန်ပင်လယ်ကွေ့ကနေ ဖြတ်သန်းသွားတဲ့ စုစုပေါင်း ဓာတ်ငွေ့ အရည် ပမာဏဟာ စည်ပေါင်း ၄ ဒသမ ၁ သန်း ရှိနိုင်တယ်လို့ သုတေသီ ရှီလေးက ပြောပါတယ်။

ကုန်စည် အများစုဟာ မလေးရှားနိုင်ငံ အရှေ့ဖက် အပြင်လွှာ ဆိပ်ကမ်းသို့ ရောက်ရှိသွားပြီး တရုတ်နိုင်ငံရှိ ဆိပ်ကမ်းတွေ ဖြစ်နိုင်တဲ့ နေရာတွေဆီ နောက်ထပ် သင်္ဘော အချင်းချင်း ပြောင်းရွှေ့တင်ဆောင်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အီရန် အစိုးရက မှတ်ချက် မပေးသေးဘဲ မြန်မာ စစ်တပ်ကလည်း အီရန် လေယာဉ်ဆီတွေ လက်ခံ ရရှိမှု ရှိ၊မရှိ မှတ်ချက် မပေးပါဘူး။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန် လေကြောင်း လုပ်ငန်း နယ်ပယ် အများကြီး ထိခိုက်နေပြီး အီရန်ရဲ့ လောင်စာ သန့်စင်ရေး စက်ရုံတွေမှာ လေယာဉ်ဆီတွေ အများကြီး ပိုလျှံနေနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တကယ်လို့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီး အီရန်က လောင်စာ တင်ပို့ဖို့ ကြိုးပမ်းမယ်ဆိုရင် ပမာဏ နည်းနည်းနဲ့ ငွေများများ ရနိုင်တဲ့ လေယာဉ်ဆီတွေ ဖြစ်ဖို့များတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.