ဆိုးလ်၊ အောက်တိုဘာ ၁၇

ပစ်မှတ် စူးစမ်းရှာဖွေရေးနဲ့ ပဲ့ထိန်းရေးအတွက် ဉာဏ်ရည်တု နည်းပညာ AI သုံးထားပြီး အတိအကျ ပဲ့ထိန်းနိုင်တဲ့ တော်ပီဒို စနစ် အသစ်တစ်မျိုးကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားက လက်နက် စမ်းသပ်မှုတွေ အရှိန်မြှင့် ပြုလုပ်နေချိန်မှာ အခုလို သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက် မြေမြှုပ်မိုင်း ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆိုးလ်နဲ့ သီတင်းပတ်တွေကြာ ကတောက်ကဆ ဖြစ်ပြီးနောက် ရေငုပ်သင်္ဘော တစ်စီးကနေ ခရု့ဇ် ဒုံးကျည် အမျိုးအစား နှစ်မျိုး ပစ်လွှတ်ခဲ့တယ်လို့ ပြုံးယမ်းက ပြောကြားပြီး ရက်ပိုင်းအကြာမှာ အခုသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားကို ကူညီဖို့ စစ်သားတွေ စေလွှတ်ပေးမှု အတွက် ရုရှားဆီက ရရှိနေတဲ့ ထောက်ပံ့ ကူညီမှုနဲ့ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်နဲ့ လက်နက် စနစ်တွေကို အလျင်အမြန် အဆင့် တိုးမြှင့်နေတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အလွန့်အလွန် မြန်ဆန်တဲ့ Zam-2.0 တော်ပီဒိုစနစ်ကို ရေအောက်မှာ စမ်းသပ် ပစ်ခတ်မှု အောက်တိုဘာ ၁၅ရက်က ပြုလုပ်ခဲ့ပြီး အဲဒီ လက်နက်ရဲ့ နည်းပညာ အဆင့် တိုးမြှင့်မှု အောင်မြင်ကြောင်း အတည်ပြုနိုင်ခဲ့ တယ်လို့ KCNA သတင်းမှာ ဖော်ပြထားပါတယ်။

ပစ်မှတ် စူးစမ်း ရှာဖွေရေး အတိအကျ ပဲ့ထိန်းနိုင်တဲ့ စူပါ မြန်နှုန်းမြင့် တော်ပီဒို အမျိုးအစားသစ်ရဲ့ ပဲ့ထိန်းရေး လုပ်ဆောင်ချက်တွေအတွက် AI နည်းပညာ သုံးထားတယ်လို့ KCNA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မတူညီတဲ့ စမ်းသပ်မှု အကြိမ်ရေ ၁၈၀ ကျော် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းမှာ ရေးပါတယ်။

အခုလ စောစောပိုင်းမှာ မြောက်ကိုရီးယားက တာလတ်ပစ် အသံထက် ပိုမြန်တဲ့ ဒုံးကျည် တစ်စင်းကို AI နည်းပညာ အကူအညီနဲ့ ပစ်လွှတ်ခဲ့ကြောင်း ကြေညာခဲ့ ပါတယ်။

အနိမ့်ပိုင်းမှာ ပစ်ခတ်မှု လမ်းကြောင်းကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ အဲဒီ အသံထက် ပိုမြန်တဲ့ ဒုံးကျည်ကို ရှောင်ရှားနိုင်မယ့် နည်းလမ်း မရှိဘူးလို့ မြောက်ကိုရီးယားက အဲဒီအချိန်က ပြောဆိုခဲ့ပါတယ်။

တော်ပီဒိုတွေကို ရေအောက်ရှိ ရန်သူ ပစ်မှတ်တွေကို မြန်နှုန်းမြင့် တိုက်ခိုက်ရေး တီထွင်ထားတာ ဖြစ်ပေမယ့် AI နည်းပညာ သုံးထားတာကြောင့် ရန်သူတွေကို ရှုပ်ထွေးသွားအောင် အလိုအလျောက် စနစ်က လုပ်ဆောင်နိုင်မှာ ဖြစ်သလို ရန်သူ့ ဒုံးဖျက်ဒုံးတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့က တော်ပီဒိုတွေကို လမ်းကြောင်း ပြောင်းသွားစေဖို့ ပစ်မှတ် အတုတွေ ချထားပေမယ့် AI နည်းပညာ သုံးထားရင် ပစ်မှတ် အစစ်နဲ့ အတုကို ခွဲခြားနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယား လက်နက် စနစ်တွေမှာ AI နည်းပညာ အဆင့် တိုးမြှင့်ဖို့ လိုအပ်ကြောင်း အလေးထား ပြောဆိုထားပါတယ်။

အသံထက် ပိုမြန်တဲ့ ဒုံးကျည်တွေဟာ အသံရဲ့ အမြန်နှုန်းထက် ငါးဆကျော် ပိုမြန်တဲ့ နှုန်းနဲ့ ပစ်ခတ်နိုင်ပြီး ပစ်ခတ်ပြီးနောက် လမ်းကြောင်း ပြောင်းနိုင်တာကြောင့် ခြေရာခံဖို့ ကြားဖြတ် ပစ်ချဖို့ သိသိသာသာ ပိုခက်ခဲပါတယ်။

AI အထောက်အကူပြု တာလတ်ပစ် အသံထက်ပိုမြန်တဲ့ ဒုံးကျည် စမ်းသပ်အောင် မြင်ခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာပြီး ရက်ပိုင်းအကြာမှာ တောင်ကိုရီးယားကလည်း သူတို့ရဲ့ ကိုယ်ပိုင် အသံထက် မြန်တဲ့ လက်နက် စနစ်ကို စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ လက်နက် အသစ်ဟာ အသံထက် ပိုမြန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့ပေမယ့် တောင်ကိုရီးယားက တစ်ရက်အကြာမှာ ငြင်းဆိုခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.