သထုံ ၊ အောက်တိုဘာ ၁၇
မွန်ပြည်နယ် သထုံမြို့ ရွှေစာရံဘုရားရှေ့မှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ လူငယ် နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က သထုံမြို့ ဘင်လှိုင်ရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ် မောင်ထူးမောင်နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ဆန့်ကျင်ကြောင်း Speak Out ပြုလုပ်ပြီးနောက် မှတ်တမ်းဓာတ်ပုံကို TikTok ပေါ်တင်ခဲ့တာပါ။
အဲဒီနေ့ ညပိုင်းမှာပဲ ရဲတပ်ဖွဲ့က သူတို့နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားပြီး မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် နှစ်ဦးဟာ မန္တလေးက စာသင်ကျောင်းတစ်ခုမှာ ကျောင်းသူတစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တက်လာတဲ့ သတင်းအပေါ် အခြေခံပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူငယ် နှစ်ဦးကို စစ်မှုထမ်း သင်တန်းပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို သထုံမြို့မရဲစခန်းမှာလည်း ငြိမ်းစုစီဥပဒေ နဲ့အမှုဖွင့်ထားတယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် နှစ်ဦးကို မိသားစုဘက်က တွေ့ခွင့်ရဖို့ လိုက်လံစုံစမ်းနေပေမယ့် လက်ရှိအချိန် သတင်းအစအန မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

