နေပြည်တော်၊ အောက်တိုဘာ ၁၆

NCA ကနေ ထွက်ခွာသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KNU ၊CNF နဲ့ ABSDF အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ပြန်လာဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

မနေ့ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးတဲ့ ၁၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် ထပ်မံဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ABSDF အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုတယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF တို့ဟာ စစ်တပ် အာဏသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေတာပါ။

KNU ကတော့ စစ်တပ်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်အားကိုးနဲ့ အာဏာသိမ်းလိုက်တာကြောင့် NCA စာချုပ် ပျက်ပြယ်သွားပြီး စစ်တပ် နိုင်ငံရေးက မထွက်ခွာမချင် တွေ့ဆုံဆွေးနွေးမှု လုပ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

NCA အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ထပ်မံတိုက်တွန်းသွားပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ၁၁ နှစ်ပြည့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားကို အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင်မတက်ရောက်ဘဲ Video Message နဲ့ မိန့်ခွန်းပြောကြားမှုဟာ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး သဘောထားမှန် ပေါ်လွင်နေတယ်လို့ ထောက်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.