ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဟာ အင်အားပြန်လည်စုဖွဲ့ပြီး စစ်ကြောင်းပြန်ထိုးလာတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ရွာအခြေစိုက် အမှတ် ၃၁၈ အမြောက်တပ်မှာ စစ်ကြောင်းတွေစုဖွဲ့ပြီး အဘစ်-ငြိမ်းချမ်းမြိုင်-ပုလိန်-ခလယ်တံခွန်တိုင်လမ်းအတိုင်း ပုလိန်ရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။

အာဏာသိမ်း စစ်တပ်ဟာ အဘစ်ရွာကနေ စစ်ကြောင်းတွေဖြန့်ခွဲပြီး ပုလိန်ရွာအတွင်း ဝင်ရောက်လာခဲ့တာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အောက်တိုဘာ ၁၂ ကနေ ၁၄ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။

ပုလိန်ရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ရွာအတွင်းမှာ အလောင်းတချို့ ကျန်ရှိနေသေးကာ လက်နက်ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိထားပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်တပ်ဟာ အရပ်သားလူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားပြီး ဒေသခံတချို့ကိုလည်း လမ်းပြနဲ့ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်းရှိခဲ့ကာ နောက်ပိုင်းမှာ ဖမ်းထားတဲ့ဒေသခံတွေကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာ ခလယ်တံခွန်တိုင်အုပ်စုမှာရှိတဲ့ သူတို့ရဲ့ ဇီးဖြူကုန်းစခန်းဆီ တပ်အင်အားဖြည့်ဆည်းတာ လက်နက်ခဲယမ်းရိက္ခာဖြည့်ဆည်းတာနဲ့ တပ်ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁၄ ရက်နေ့မှာ ငြိမ်းချမ်းမြိုင်ဆီ ပြန်လည်ဆုတ်ခွာသွားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ငြိမ်းချမ်းမြိုင်မှာ အင်အားပြန်လည်စုဖွဲ့ပြင်ဆင်ခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ပုလိန်ရွာဘက်ဆီ စစ်ကြောင်းပြန်ထိုးလာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ပုလိန်ရွာက ဒေသခံတွေ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ရွာသူရွာသားတွေနဲ့ ခရီးသွားပြည်သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.