နေပြည်တော် ၊ အောက်တိုဘာ ၁၇

သမ္မတဖြစ်လိုတဲ့ တပ်မက်မှုနဲ့ နိုင်ငံရဲ့ အလုံးစုံအာဏာကို သိမ်းယူပြီး အရပ်သားအသွင်ပြောင်းထားတဲ့ အာဏာရှင် ဦးမင်းအောင်လှိုင်က နိုင်ငံတော်ကို စိတ်ရင်းအမှန်နဲ့ ငြိမ်းချမ်းမှု ရရှိစေလိုတယ်လို့ မျက်နှာပြောင်တိုက် ထုတ်ပြောလာပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၁ နှစ်မြောက် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို သမ္မတရုံးမှာ လက်ခံတွေ့ဆုံချိန် ပြောကြားခဲ့တာပါ။

တပ်မတော်အနေနဲ့လည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ်နေတဲ့ တပ်မတော်သာ ဖြစ်စေလိုပြီး ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုတွေ အချင်းချင်း တိုက်ခိုက်နေရတဲ့ တပ်မတော် မဖြစ်စေလိုဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်တို့အားလုံး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အချိန်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အချိန်အခါကောင်းလို့ ဦးမင်းအောင်လှိုင်က ပြောကြားထားတာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက အရပ်သားထိခိုက်သေဆုံးမှုတွေ မရပ်တန့်နိုင်တဲ့အပေါ် ငြိမ်းချမ်းရေးပြောနေတာဟာ သူတို့ရဲ အချုပ်အခြာအာဏာ ခိုင်မာအောင် ကြိုးစားမှုလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုငြိမ်းချမ်းရေးပြောနေပေမယ့် တစ်ဖက်မှာလည်း တိုက်နေ ခိုက်နေတာတွေ အရပ်သားထိခိုက်သေဆုံးမှုတွေကို မရပ်တန့်နိုင်တဲ့ ကိစ္စတွေ အဲဒါတွေက တောက်လျှောက်ဖြစ်ပွားနေတယ်ဆိုတော့ ဒါက ငြိမ်းချမ်းချင်လို့ဆိုတာထက် သူ့ရဲ့ အချုပ်အခြာအာဏာ ပိုပြီးတော့ ခိုင်မာအောင် သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ အားလုံး ငြိမ်ဝပ်ပိပြားနေအောင် ကြိုးစားမှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်လို့ ရတယ်”လို့ ဆိုပါတယ်။

လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကလည်း စစ်အစိုးရရဲ့ တရားဝင်မှု ကျယ်ပြန့်ရေး၊ စစ်တပ်အခြေပြု အုပ်ချုပ်ရေးအာဏာ အမြစ်ခိုင်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ထိန်းချုပ်ထားနိုင်ဖို့ ပိုပြီး ရည်ရွယ်တယ်လို့ သူက ထောက်ပြပါတယ်။

စစ်အစိုးရက ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားပြီး အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ ဥပဒေဘောင်အတွင်း လက်နက်ချဖို့ ကမ်းလှမ်းထားတာပါ။

ငြိမ်းချမ်းရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်လို့ ဦးမင်းအောင်လှိုင်က ကြွေးကြော်ထားပြီး စစ်ရေးအရ ဖိအား‌ပေးဖို့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်ဒေသက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာပါ။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်မှာ တပ်ချုပ်အပြောင်းအလဲဖြစ်ပြီး ခြောက်လတာအတွင်း နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

အဲဒီထဲမှာ ၁၁၁ ဦးထက်မနည်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် ၆၄ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုမျိုးအခင်းအကျင်းအောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးရယူပြီးတဲ့အခါ နိုင်ငံရေးလုပ်လိုရင် ပါတီတည်ထောင်ဖို့နဲ့ စီးပွားရေးလုပ်လိုရင်လည်း ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ ဦးမင်းအောင်လှိုင်က သူ့ကို လာရောက်တွေ့ဆုံတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ပြောကြားထားတာပါ။

ဒါ့အပြင် ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်လိုရင်လည်း စစ်တပ်နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့နဲ့ သာမန်အရပ်သားပြည်သူတွေလိုမျိုး နေထိုင်လိုရင်လည်း နေထိုင်နိုင်တယ်လို့ သူ့အနေနဲ့ အရင်ကတည်းက ပြောကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်တပ်နဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေ ဖန်းတီးပေးတဲ့အနေအထားဟာ သက်ဆိုင်ရာဒေသတွေမှာ ခရိုနီတွေ ပိုပြီး မွေးဖွားလာစရာ အခြေအနေမျိုးလို့ သုံးသပ်ပါတယ်။

လက်ရှိ စစ်အစိုးရရဲ့ ဆွေးနွေးဖက်အဖြစ် အပစ်ရပ်ထိုး အဖွဲ့တွေနဲ့ အပစ်ရပ်မထိုးတဲ့ မြောက်ပိုင်းက အဖွဲ့တွေအပြင် တရုတ်ဖိအားကြောင့် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းနဲ့ ကိုးကန့်တို့လည်း ပါဝင်လာခဲ့ကြတာပါ။

ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့ တချို့အဖွဲ့တွေဟာ မြန်မာပြည်ငြိမ်းချမ်းဖို့နဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရပ်တန့်ဖို့ထက် ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာ ဆက်လက်ခိုင်မာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုသာ တောင်းဆိုကြတာ ဖြစ်ပါတယ်။

NCA နှစ်ပတ်လည်အခမ်းအနားမှာ လူကိုယ်တိုင် မတက်ရောက်ဘဲ Video Message ကနေ ဦးမင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း ဖြစ်ချင်တာတွေကိုသာ တောင်းဆိုနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်နိုင်တာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းထားတာပါ။

ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က စစ်အစိုးရရဲ့ ပေးထားချက် မူဘောင်အတွင်းကနေ ရပ်တည်လုပ်ဆောင်ရမှာဖြစ်လို့ ညှိနှိုင်းဖြေလျှော့မှုတွေ မပါတဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အောင်မြင်တဲ့ လမ်းစကို ဦးတည်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေကတော့ သုံးသပ်ကြပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ သူ့အနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာမက မရေးထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် လွန်ခဲ့တဲ့ငါးနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF အဖွဲ့တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုတယ်လို့ ပြောပါတယ်။

အလားတူ PDF အဖွဲ့တွေအနေနဲ့လည်း နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ သူက ထပ်မံ တိုက်တွန်းထားတာပါ။

တစ်ဘက်မှာ နာမည်တပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားခံရတဲ့ KNU နဲ့ CNF တို့ဟာ NUG ၊ CRPH အပါအဝင် အခြား တိုင်းရင်းသားမဟာမိတ်တွေနဲ့အတူ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ ပါဝင်နေကြပါတယ်။

SCEF အနေနဲ့ကလည်း မူတစ်ခု ဗျူဟာတစ်ခုဖြစ်လို့ စစ်တပ်ကို တိုက်ခိုက်တာဖြစ်စေ ညှိနှိုင်းဆွေးနွေးတာဖြစ်စေ တစ်ဖွဲ့ချင်းစီ လုပ်မှာမဟုတ်ဘဲ အတူတကွ လုပ်ဆောင်သွားမယ်လို့ KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနဲ့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်တို့ The Yomiuri Shimbun သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေကြားထားတာပါ။

ဒီအခြေအနေမှာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖယ်ကျဉ်ထားဆဲ ဖြစ်သလို စစ်တပ်နဲ့ လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အာရက္ခတပ်တော် AA ကိုလည်း နာမည်တပ်ပြီး ဖိတ်ခေါ်ထားတာ မရှိသေးပါဘူး။

ဒီလိုမျိုး ချန်လှပ်ထားတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ မပြောင်းလဲတဲ့ မူဝါဒဖြစ်လို့ မြန်မာ့အခင်းအကျင်းဟာ စစ်ရေးနွံထဲ ရေရှည် ဆက်သွားနေဦးမယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ၊ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက သုံးသပ်ပါတယ်။

“လက်ရှိ သူ့ရဲ့ ဖိတ်ခေါ်မှုအောက်မှာ မှန်ကန်တဲ့ ချဉ်းကပ်မှုပုံစံ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုလမ်းကြောင်းကနေတော့ မတွေ့ရဘူး၊ အခြေမခံထားဘူး။ ဒါကြောင့် စစ်ပွဲပဋိပက္ခတွေကတော့ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးမှုအောက်မှာ နှစ်ဘက်တိုက်ပွဲတွေ စစ်ရေးပဋိပက္ခတွေ ဆက်ရှိနေမယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကတော့ စိတ်မကောင်းစွာနဲ့ ပြောရရင် စစ်ရေးပဋိပက္ခနွံထဲမှာ ရေရှည် ဆက်သွားနေဦးမယ်၊ ဆက်ကျယ်ပြန့်နေဦးမယ့် အခြေအနေမှာပဲ ဆက်ရှိတယ်လို့ ကျွန်တော်တို့ ပြောရမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်အစိုးရဘက်က စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားတာပါ။

ဒါပေမယ့် စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေမှုကို အာမခံချက်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ အသက်မဝင်တော့တဲ့ NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားတာပါ။

ဒီလိုမျိုး လမ်းကြောင်းကို ဦးတည်နေသည့်တိုင် စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက် ပါဝင်ရေးကိုတော့ တစ်ပြားသားမှ မလျှော့သလို အပွန်းအပဲ့လည်း မခံခဲ့ပါဘူး။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးစနစ်တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.