ဝါရှင်တန်၊ အောက်တိုဘာ ၁၂
ရုရှားနဲ့ ယူကရိန်းတို့ စွမ်းအင်ဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူညီလိုက်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
အဲဒီလို လုပ်ရပ်ကို မိမိတို့ ထောက်ခံမယ်လို့ ယူကရိန်းက ပြောပေမယ့် ရုရှားက မှတ်ချက် မပြုသေးပါဘူး။
အဲဒီ သဘောတူညီမှုဟာ ထိရောက်ပြီး ချက်ချင်း အသက်ဝင်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတက အခိုင်အမာ ပြောပေမယ့် အသေးစိတ်ကို ပြောဆိုထားတား မတွေ့ရပါဘူး။
အဲဒီ ကြေညာချက်ကြောင့် အံ့သြမိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကနဦးမှာ ဖော်ပြခဲ့ပြီး မော်စကိုက လက်ခံရင် ကိဗ်ကလည်း ထောက်ခံမှာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ထရန့်က လူမှုမီဒီယာပေါ်မှာ အခုလိုမျိုး ဖော်ပြခဲ့ပြီးနောက် ရုရှားက ယူကရိန်း စွမ်းအင် အဆောက်အဦတွေကို တိုက်ခိုက်တယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
ရုရှားအနေနဲ့ အမေရိကန်နဲ့ ကမ္ဘာ့ ဈေးကွက်အတွက် ဒီဇယ် ထောက်ပံ့ပေးနိုင်ရေး မကြာသေးခင်က ရယူခဲ့တဲ့ သဘောတူညီမှုအတိုင်း ဆောင်ရွက်နိုင်စေဖို့ ရုရှား ရေနံ အဆောက်အဦတွေကို တိုက်ခိုက်မှု ရပ်တန့်ရေး ထရန့်က ယူကရိန်းကို တိုက်တွန်းထားပါတယ်။
ရုရှား ရေနံ သန့်စင်ရေး စက်ရုံတွေကို တိုက်ခိုက်တာဟာ ရုရှား စစ်ပွဲ ဆင်နွှဲဖို့အတွက် ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ယူကရိန်းက ပြောပါတယ်။
ရုရှား သွင်းကုန်တွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ယာယီ ရပ်ဆိုင်းထားတဲ့ ဒီဇယ် သဘောတူညီမှုကို အများက ပြစ်တင် ဝေဖန်နေကြပါတယ်။
အဲဒီ သဘောတူညီမှုဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် လက်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ဥရောပ အရာရှိတွေနဲ့ ထရန့်ရဲ့ ရီပက်ဘလေကန် ပါတီက အမတ်တွေ အပါအဝင် အမေရိကန် နိုင်ငံရေးသမား တချို့က အဲဒီ သဘောတူညီမှုကို သူတို့ မထောက်ခံဘူးလို့ ပြောထားပါတယ်။
ဒီဇယ် သဘောတူညီချက်ဟာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်း လောင်စာဈေးနှုန်း လျော့ကျစေရေး ထရန့်ရဲ့ နောက်ဆုံး ကြိုးပမ်းမှု ဖြစ်ပါတယ်။
အထူးသဖြင့် ဒီဇယ် ဈေးနှုန်းနဲ့ ကမ္ဘာ့ လောင်စာဈေးကို မြင့်တက်စေခဲ့တဲ့ အီရန် စစ်ပွဲရဲ့ နိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေနဲ့ လများစွာကြာ ရင်ဆိုင်ခဲ့ရပြီးနောက် အမေရိကန်က ရုရှားနဲ့ ဒီဇယ်ဆိုင်ရာ သဘောတူညီမှု ရယူလိုက်တာ ဖြစ်ပါတယ်။
ရုရှားက နောက်ပိုင်းမှာ ကိဗ်မြို့ရှိ ဓာတ်အားပေး စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဓာတ်အား ပြတ်တောက်သွားခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။
အရှေ့မြောက်ပိုင်း ခါကိဗ် ဒေသရှိ စွမ်းအင် အဆောက်အဦတွေကို ရုရှားက တိုက်ခိုက်ခဲ့ပြီးနောက် ကိဗ်မြို့ရှိ ဓာတ်အားပေး စက်ရုံကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးတွေကို အပြန်အလှန် တိုက်ခိုက်နေကြတာဟာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အဲဒီ အဆောက်အဦတွေဟာ ယူကရိန်း စစ်ဆင်ရေးတွေအတွက် ကူညီ ထောက်ပံ့ပေးနေတာကြောင့် တရားဝင် ပစ်မှတ်တွေအဖြစ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မော်စကိုက ပြောထားပါတယ်။
Ref:BBC

