စင်ကာပူ ၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံမှာ ငါးနှစ်ကြာ ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံရဲ့ ထိရောက်မှု မရှိတဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ ဆက်လက် ဝေဖန်ခံနေရချိန်မှာတောင် ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မြန်မာ စစ်အစိုးရကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ဆောင်ကျဉ်းရေး အခြေအနေ တိုးတက်မှု တချို့ရှိလာပြီလို့ ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်က The Straits Times သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အထူး အင်တာဗျူး တစ်ရပ်မှာ သမ္မတ မားကို့စ်က ၂၀၂၆ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် အနေနဲ့ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ ချဉ်းကပ်ပုံကို ပြန်ချိန်ညှိဖို့ ကြိုးပမ်းနေကြောင်း၊ ဘုံသဘောတူညီချက် ၅ ရပ်က အလုပ်မဖြစ်ကြောင်း ပြောဆိုလာတာ ပါ။

အဲဒီ ငြိမ်းချမ်းရေး အစီအစဉ်က အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေး၊ အထူးကိုယ်စားလှယ် တစ်ဦး ခန့်ထားရေး လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးနဲ့ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် သွားရောက် ဆွေးနွေးရေး တို့ ဖြစ်ပါတယ်။

ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နှစ်လအကြာမှာ အာဆီယံက ရေးဆွဲခဲ့တဲ့ ဘုံသဘောတူညီချက်ဟာ စစ်ခေါင်းဆောင်တွေနဲ့ အာဆီယံ စေ့စပ်ရေး အဓိကကျတဲ့ စာရွက်စာတမ်း တစ်ခု ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု တစ်စုံတရာ မရှိတာကြောင့် စစ်ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေး တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

ဒါပေမဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ လုံးဝ မှန်ကန်ပေမယ့် အလုပ်မဖြစ်တာသာ ဖြစ်တယ်လို့ သမ္မတ မားကို့စ်က ပြောပါတယ်။

ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ညီလာခံအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မိမိတို့အနေနဲ့ ချဉ်းကပ်မှု အသစ် ပြုလုပ်ဖို့ လိုအပ်နေကြောင်း အဆိုပြုခဲ့တယ်လို့လည်း ပြောပါတယ်။

အာဆီယံရဲ့ ကြားဝင် မစွက်ရေး မူနဲ့ အများသဘောတူညီမှုကို အခြေခံပြီး ချဉ်းကပ်မှု ပုံစံကြောင့် အဓိပ္ပါယ် ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုကို မားကို့စ်က သဘော မတူပါဘူး။

သမ္မတ မားကို့စ်ရဲ့ အမြင်ကို အာဆီယံ အဖွဲ့ဝင် အားလုံးက သဘော မတူဘဲ အာဆီယံရဲ့ နောက်ဆုံး အဖွဲ့ဝင် ဖြစ်တဲ့ အရှေ့တီမောကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူပေးဖို့ အလိုရှိနေပါတယ်။

Ref:TheStraittimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.