သရက်ချောင်း၊ အောက်တိုဘာ ၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီးမှာ လူငယ်တစ်ဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သတ်ဖြတ်ခံရသူဟာ သဲချောင်းကြီးကျေးရွာနေသူ အသက် ၂၁ နှစ်အရွယ် လူငယ်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့က စုံစင်ဖျားကျေးရွာသို့ သွားရောက်စဉ် စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။
လူငယ်အား ဖမ်းဆီးသတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ အာဏာသိမ်း စစ်တပ်ရဲ့ ခမရ ၄၀၃၊ ခမရ ၄၀၄၊ ခမရ ၄၀၉ ပူးပေါင်းစစ်ကြောင်းက ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက အဲဒီလူငယ်ဟာ ဈေးဝယ်ဖို့ စုံစင်ဖျားကျေးရွာသို့ သွားရောက်စဉ် အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံလိုက်ရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ် ကြုံခဲ့ရတဲ့ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ ကယ်ဆယ်ရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
လူငယ်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၉ ရက်နေ့အထိ စစ်ကြောင်းပြန်မထွက်သေးဘဲ ဆင်ကျန်းနဲ့ပိတိုင်ကျေးရွာအပါအဝင် အနီးအနားကျေးရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ပြင်ဖြူကြီးကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

