မော်လမြိုင် ၊ အောက်တိုဘာ ၉

မွန်ပြည်နယ်ရှိ မြို့နယ်တချို့မှာ အခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ကိုးလတာအတွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၂၅ ဦး သေဆုံးခဲ့တယ်လို့ ရာမညအင်စတီကျူ လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE အဖွဲ့ကနေ သိရပါတယ်။

မြန်မာပြည်တောင်ပိုင်းရှိ မွန်ပြည်နယ်အပါအဝင် ဆက်စပ်ဒေသက ၁၄ မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

အချက်အလက်တွေအရ အခုနှစ် ၉ လတာအတွင်း မွန်ပြည်နယ်မြောက်ပိုင်းရှိ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှု ၁၀၇ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၃၆ ကြိမ်နဲ့ အရပ်သားသေဆုံးသူ ၂၅ ဦးနဲ့ ဒဏ်ရရရှိသူ ၅၆ ဦး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်း မွန်ပြည်နယ် အပါအဝင် တနင်္သာရီတိုင်းက ရေဖြူနဲ့ ကရင်ပြည်နယ်က မြို့နယ်သုံးခုတို့မှာ တိုက်ပွဲဖြစ်ပွားမှု ၅ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၂၇ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် နဲ့ ဒရုန်းတိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ပါတယ်။

မြို့နယ်အလိုက် ကြည့်မယ်ဆိုရင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တို့မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျိုက်ထိုမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှု ၁၅ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တာပါ။

ဒရုန်းဗုံးချ တိုက်ခိုက်မှုတွေကို ကျိုက်ထို၊ ကော့ကရိတ်နဲ့ ရေဖြူမြို့နယ်တို့မှာ ပြုလုပ်ခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုကလည်း ကျိုက်ထိုမြို့နယ်မှာ ၆ ကြိမ်အထိ အများဆုံးရှိခဲ့တယ်လို့ RICE အဖွဲ့ရဲ့ မှတ်တမ်းတင်ပြုစုထားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

စစ်ပွဲပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦး ရှိခဲ့သလို ပြည်သူ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုကလည်း အလုံးရေ ၄၂ လုံးဝန်းကျင် ရှိခဲ့တာပါ။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူ ၅၄ ဦးရှိခဲ့တဲ့ထဲမှာ စစ်မှုထမ်းအတွက် ၃၆ ဦး ပါဝင်ပြီး ဖမ်းဆီးခံရသူအားလုံးထဲမှာ ၁၂ ဦးသာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှုတွေဟာ မွန်ပြည်နယ်က သထုံ၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ စုစုပေါင်း ၃၈ ဦးအထိ အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ ၁၂ ဦးနဲ့ ရေဖြူမြို့နယ်မှာတော့ လေးဦး ပါဝင်ပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့လအတွင်း တိုက်ပွဲဖြစ်ပွားမှု မတွေ့ရပေမယ့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာာပါ။

အထူးသဖြင့် ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးရှိခဲ့တဲ့အတွက် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေအပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားနိုင်တဲ့ နေရာတွေမှာပါ လုံခြုံရေးသတိပြုကြဖို့ လိုသလို မူဝါဒချမှတ်သူတွေအနေနဲ့လည်း အရပ်သားတွေရဲ့ လုံခြုံရေးကို ဦးစားပေးဖို့ လိုအပ်တယ်လို့ RICE အဖွဲ့က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.