မော်လမြိုင် ၊ အောက်တိုဘာ ၉
စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အများဆုံး လွှမ်းမိုးထားတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ရေး အဆို မဲခွဲဆုံးဖြတ်ရာမှာ အရေးနိမ့်သွားပါတယ်။
ဒီအဆိုကိုတော့ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်ထိုမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်ထူးက တင်သွင်းခဲ့ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ရေး အဆိုကိုတော့ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးဦးက ထောက်ခံ ဆွေးနွေးခဲ့ပေမယ့် စစ်အစိုးရ အဖွဲ့နဲ့ သဘောထား ကွဲလွဲမှု ရှိတာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
မဲခွဲဆုံးဖြတ်မှုအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၂၈ ဦး ရှိတဲ့အနက် အဆိုကို ထောက်ခံမဲပေးသူ ရှစ် ဦး၊ ကန့်ကွက်မဲပေးသူ ၁၅ ဦး၊ ကျန်တဲ့ ငါးဦးက မဲပေး ရွေးချယ်တာ မရှိဘူးတာကြောင့် ကန့်ကွက်မဲ များတဲ့အတွက် အဆို ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
အဆိုရှုံးနိမ့်ပြီးနောက် အဆိုရှင် မင်းအောင်ထူးကတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “ရဲဘော်အပေါင်းအား ကျေးဇူးတင်ပါတယ် ခင်ဗျ”ဆိုတဲ့ လှောင်ပြောင် ပို့စ်တစ်ခု ရေးတင်ခဲ့ပါတယ်။
ကိုယ်စားလှယ် ၃၁ ဦးရှိတဲ့ မွန်ပြည်နယ် လွှတ်တော် အခင်းအကျင်းအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး၊ မွန်ညီညွှတ်ရေးပါတီက ခုနှစ်ဦး၊ ကျန်ပါတီ ငါးပါတီက ကိုယ်စားလှယ် တစ်ဦး ရရှိထားပြီး စစ်တပ်ဘက်က သဘောမတူရင် ဘယ်အဆိုမှ အောင်နိုင်မယ့် အခြေအနေ မရှိပါဘူး။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အစိုးရသစ်ဟာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူ ဆန္ဒနဲ့အညီ ပြန်လည်ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပြီး အုပ်ချုပ်ရေးမှူး သက်တမ်းဟာ သမ္မတ သက်တမ်းနဲ့အညီ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။
ဒါပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရကတော့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အများစုကို ပြန်မရွေးဘဲ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်အစိုးရ အုပ်ချုပ်ရေးကို အလုပ်အကျွေး ပြုလုပ်နေတဲ့သူတွေကိုသာ လက်သိပ်ထိုး ခန့်အပ်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ရေး အဆို ရှုံးနိမ့်မှုဟာ တည်ဆဲဥပဒေတွေထက် စစ်အစိုးရရဲ့သရုပ်အမှန်ကို ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

