နေပြည်တော် ၊ အောက်တိုဘာ ၉
အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ဟာ ကြံရာပါပတ်သက်သူတွေအဖြစ် Justice For Myanmar (JFM) က အောက်တိုဘာ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကို မလေးရှားအစိုးရက ဖိတ်ခေါ်တွေ့ဆုံချိန်မှာ မြန်မာစစ်တပ်နဲ့ မလေးရှားရဲ့ ပူးပေါင်းမှုတွေကို ဖော်ထုတ်ခံရတာ ဖြစ်ပါတယ်။
မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ အပါအဝင် မလေးရှားကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ရောင်းချထောက်ပံ့ပေးနေတာ ဒါမှမဟုတ် ရောင်းချထောက်ပံ့ဖို့ ကြိုးပမ်းနေကြောင်း လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေနဲ့ ကုန်သွယ်ရေး အချက်အလက်တွေအပေါ် အခြေခံပြီး JFM က လေ့လာဆန်းစစ်ထားတာပါ။
၂၀၂၃ ကနေ ၂၀၂၆ အတွင်း မလေးရှားကုမ္ပဏီတချို့ဟာ မြန်မာစစ်တပ် သူတို့ရဲ့ ကြားခံပွဲစားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာ ဒါမှမဟုတ် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို ဆက်လုပ်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့တာပါ။
မလေးရှား လေကြောင်းနဲ့အာကာသဆိုင်ရာ ပစ္စည်းဝယ်ယူရေးနဲ့ ဝန်ဆောင်မှုကုမ္ပဏီ FJ Global က မြန်မာစစ်တပ်ကို တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချပံ့ပိုးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီမှာ FJ Global ဟာ မလေးရှားအစိုးရ ကျောထောက်နောက်ခံပြု Perbadanan Usahawan Nasional Berhad (PUNB) ဆီက ငွေကြေးထောက်ပံ့မှု ရရှိခဲ့တယ်လို့ JFM က ဆိုပါတယ်။
PUNB ဟာ ဝန်ကြီးချုပ်ရုံး လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ Yayasan Pelaburan Bumiputra က ရာနှုန်းပြည့် ပိုင်ဆိုင်ထားတာပါ။
အဲဒီအချိန်ကစပြီး FJ Global ကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ အပေါ့စားတိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်တွေ၊ Mi-17 ရဟတ်ယာဉ်တွေနဲ့ Mi-2 ရဟတ်ယာဉ်တွေအတွက် စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝယ်ယူဖို့ နိုင်ငံတကာပေးသွင်းသူတွေကို ဈေးနှုန်းတောင်းခံလွှာတွေ အကြိမ်ကြိမ် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
JFM ရဲ့ သတင်းရင်းမြစ်တွေအရ အခုနှစ် ဖေဖော်ဝါရီမှာ မြန်မာစစ်တပ် အင်ဂျင်နီယာတွေက စစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးနဲ့ပတ်သက်လို့ မလေးရှား ကျေးလက်နဲ့ ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ အေဂျင်စီတစ်ခုကနေ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ Asia AeroTechnic Sdn Bhd (AAT) ဆီ သွားရောက်ခဲ့ကြတာပါ။
တတိယမြောက် မလေးရှားကုမ္ပဏီဖြစ်တဲ့ ဒိန်းမတ်နိုင်ငံသားပိုင် Skyways Technics Asia Sdn Bhd ဟာ လူသိများတဲ့ မြန်မာလက်နက်ပွဲစားတွေဆီ လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းတွေ ကြိမ်ဖန်များစွာ တင်ပို့ခဲ့ပြီး အဲဒီပစ္စည်းတွေက မြန်မာလေတပ်ထံ ရည်ရွယ်ပို့ဆောင်ခဲ့ဖွယ်ရှိကြောင်း JFM က သုံးသပ်ပါတယ်။
အကြောင်းကတော့ ပစ္စည်းလက်ခံသူတွေဟာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးမှာ မှတ်ပုံတင်ထားတဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေဖြစ်တဲ့ Light Head Group of Companies၊ K L S Aviation နဲ့ United Five တို့ ပါဝင်နေတာပါ။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို မလေးရှားစီးပွားရေးလုပ်ငန်းတွေက သိလျက်နဲ့ ပံ့ပိုးကူညီပေးနေတာဟာ အဲဒီရာဇဝတ်မှုတွေကို အားပေးကူညီရာ ရောက်နိုင်တယ်လို့ JFM က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထုတ်ဖော်ပြောဆိုထားတဲ့ မလေးရှားရဲ့ ကတိကဝတ်ဟာ ဟန်ပြအဖြစ် ပေါ်လွင်စေသလို အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်အပေါ် မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်တွေဟာ အနှစ်သာရ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မလေးရှားက အာဆီယံကာကွယ်ရေးနဲ့ လုံခြုံရေးအစီအစဉ်တွေမှာ မြန်မာစစ်တပ် ပါဝင်နိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးနေပြီး စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ အသိပေးထားတာပါ။
ဒါကြောင့် မင်းအောင်လှိုင်ကို ခရီးစဉ်ဖိတ်ခေါ်တဲ့ မလေးရှားအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ရှုတ်ချပြီး စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်ကျူးလွန်မှုမှာ သားကောင်တွေ ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက လူတွေကို အတင်းအကျပ် ပြန်လည်ပို့ဆောင်မှုကို ရပ်တန့်ထားဖို့ JFM က တောင်းဆိုထားတာပါ။
ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ထံ ပစ္စည်းထောက်ပံ့ပေးသွင်းနေသူတွေ ကုမ္ပဏီတွေအပါအဝင် ပြုပြင်ထိန်းသိမ်းရေးနဲ့ မွမ်းမံပြင်ဆင်ရေး ဝန်ဆောင်မှုပေးအပ်နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ JFM က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

