ကော့ကရိတ်၊ အောက်တိုဘာ ၉

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ထီဖိုးစံကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မြောက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ နဘူးမြို့နယ် ထီဖိုးစံကျေးရွာမှာ KNLA တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲဟာ အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းနဲ့ အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ ခလရ ၉၇ တပ်ရင်းနဲ့ စကခ-၁၂ ကနေ လက်နက်ကြီးတွေနဲ့ ကော့ကရိတ်မြောက်ပိုင်း ထီဖိုးစံကျေးရွာအုပ်စုထဲကို လှမ်းပစ်ခတ်ခဲ့တဲ့အပြင် Y-12 လေယာဉ်တွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် အိမ်တချို့မီးလောင်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း စစ်တပ် အခြေချတပ်စွဲထားတဲ့ ကော့ဖန်ရပ်ရွာထဲကနေ ဒရုန်းတွေနဲ့ စေလွှတ်ပြီး မြပတိုင်နိုင်ရွာထဲကို ဒရုန်းဗုံးကြဲချခဲ့ရာ ဒေသခံရွာသူရွာသားတွေရဲ့ အိမ်တွေ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ အဲဒီနယ်မြေခံက ဆိုထားပါတယ်။

စစ်တပ်ဟာ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း KNU တပ်မဟာ ၆ ကော့ကရိတ်တောင်ပိုင်းဒေသနဲ့ KNU တပ်မဟာ ၇ ကော့ကရိတ်မြောက်ပိုင်းဒေသတွေအပြင် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းကိုလည်း မထိန်းချုပ်နိုင်သေးဘဲ အဲဒီဒေသတွေထဲကို လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေ မကြာခဏလုပ်ဆောင်နေခဲ့တာပါ။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အပြင် KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ်အတွင်း ကျောက်ခက်ဒေသအနီး သဲဖြူရွာမှာလည်း စစ်တပ်က လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေလည်း အပြင်းအထန် ဆက်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.