ဆိုးလ်၊ အောက်တိုဘာ ၈

မိမိတို့ ဆိပ်ကမ်းတွေကနေ ရုရှားဆီ လောင်စာတွေကို သင်္ဘောနဲ့ တင်ပို့မှုတွေဟာ ပြည်တွင်းဥပဒေကို ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယားက Guardian သတင်းဌာနက ဖော်ပြလာပါတယ်။

အဲဒီ သတင်းမှာ ဖော်ပြထားတဲ့ လောင်စာ တင်ပို့မှုနဲ့ ပတ်သက်လို့ နောက်ထပ် သတင်းအချက်အလက်တွေ ရရှိရေး အစိုးရက ကြိုးပမ်းနေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ အကောက်ခွန်ဌာနတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ စစ်ဆေး အတည်ပြုမှုမှာ အဲဒီ လုပ်ရပ်တွေဟာ မိမိတို့ရဲ့ ဥပဒေစည်းကမ်းတွေကို ချိုးဖောက်တာ ဖြစ်ကြောင်း ဖော်ပြနေတယ်ဆိုရင် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ဆိပ်ကမ်းမှတ်တမ်းတွေ သင်္ဘောလမ်းကြောင်း ခြေရာခံ အချက်တွေကို Guardian က လေ့လာ စိစစ်ကြည့်ရာမှာ ဇူလိုင်လနဲ့ သြဂုတ်လက ဒီဇယ် အများစု ဖြစ်တဲ့ လောင်စာ တန်ချိန် ၁၇၆၀၀၀ ကျော်ကို တောင်ကိုရီးယား ဆိပ်ကမ်း တချို့မှာ သင်္ဘော ၇ စီးပေါ် တင်ဆောင်ပြီး ရုရှား အရှေ့ဖက်စွန်းသို့ ၁၄ ကြိမ် ပို့ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီ ရေနံတင် သင်္ဘောတွေထဲက သုံးစီးဟာ ဗြိတိန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။

အဲဒီ သင်္ဘောတွေထဲက တစ်စီးဟာ တောင်ကိုရီးယား တောင်ပိုင်း ယီအိုဆူး ဆိပ်ကမ်းမှာ ရပ်တန့်ထားတဲ့ အချိန် သင်္ဘောချင်း လောင်စာ ပြောင်းလဲ တင်ဆောင်မှုကနေတဆင့် တန်ချိန် ၂၆၀၀၀ လောက်ကို တင်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် ရုရှားရဲ့ ရေနံ သန့်စင်နိုင်စွမ်း ပြင်းပြင်းထန်ထန် အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

ဇူလိုင်လက သူတို့ရဲ့ ရေနံ သန့်စင်နိုင်တဲ့ စွမ်းပကားဟာ နှစ်ပေါင်း ၂၀ ကျော် အတွင်း အနည်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဒီဇယ် ထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ဆိုးလ်အစိုးရရဲ့ ကြေညာချက်မှာ သန့်စင်ပြီးသား ဓာတ်ဆီ ထုတ်ကုန်တွေဟာ တောင်ကိုရီးယားက ရုရှားအပေါ် ပြုလုပ်ထားတဲ့ ပို့ကုန် ထိန်းချုပ်မှုမှာ မပါဝင်ဘူးလို့ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားရဲ့ ပို့ကုန် ထိန်းချုပ်မှုတွေမှာ အဓိကအားဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ စက်ပစ္စည်းတွေ၊ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေ ပါဝင်ပါတယ်။

Guardian သတင်းက ဖော်ပြထားသလို မိမိတို့ ဆိပ်ကမ်းတွေမှာ သန့်စင်ပြီး ဓာတ်ဆီ ထုတ်ကုန်တွေကို တင်ချမှုဟာ မိမိတို့ရဲ့ ပြည်တွင်း ဥပဒေကို ချိုးဖောက်ရာမရောက်ကြောင်း တောင်ကိုရီးယားက ဖော်ပြထား ပါတယ်။

အဲဒီ လောင်စာတွေကို ဘယ်သူက ပိုင်တယ် ဒါမှမဟုတ် ရောင်းလိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘဲ တောင်ကိုရီးယား ဆိပ်ကမ်းမှတ်တမ်းတွေမှာလည်း လူသိရှင်ကြား ဖော်ပြမထားပါဘူး။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.