မော်လမြိုင် အောက်တိုဘာ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို သံတမန်ရေးအရ သီးခြားဖယ်ကြဉ်ထားခဲ့တဲ့ မူဝါဒကနေ ပြောင်းလဲပြီး စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေကြောင်း ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၈ ရက်မှာ အထူးသတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ လက်ရှိနဲ့ အငြိမ်းစားအရာရှိတွေ အပါအဝင် အခြေအနေကို သိရှိထားသူ ခုနစ်ဦးရဲ့ ပြောကြားချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ် ဟာ မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အဆင့်မြင့်အရာရှိ မိုက်ကယ်ဗန့်စ်ဟာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း၊ လက်ရှိသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နဲ့ မြန်မာစစ်တပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကြား အဆင့်အမြင့်ဆုံး တရားဝင်ဆက်သွယ်မှု ဖြစ်လာခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုရဲ့ မူလရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ် ကက်စတီလို လွတ်မြောက်ရေးအတွက် ညှိနှိုင်းဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲဟောင်းဖြစ်သူ ကက်စတီလိုကို ဇွန် ၁၁ ရက်က ရန်ကုန်လေဆိပ်မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ထောက်ခံသူတွေကတော့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။

သူ့ကို ပြန်လွှတ်ပေးရေးအတွက် အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက မြန်မာအာဏာပိုင်တွေနဲ့ နောက်ကွယ်ကနေ ညှိနှိုင်းခဲ့ကြပါတယ်။ မြန်မာဘက်ကလည်း အမေရိကန်အစိုးရနဲ့ သင့်လျော်တဲ့အဆင့်မှာ တရားဝင်ဆက်ဆံရေးတစ်ရပ် ရရှိလိုခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရိုက်တာကို ပြောပါတယ်။

အခုဆက်သွယ်မှုတွေဟာ ကက်စတီလို လွတ်မြောက်ရေးကိစ္စတစ်ခုတည်းအတွက် မဟုတ်တော့ဘဲ မြန်မာနိုင်ငံအတွင်း အခြေစိုက်ပြီး အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေ နှိမ်နင်းရေးအထိ တိုးချဲ့ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံသားတွေဆီက ဒေါ်လာဘီလီယံနဲ့ချီ လိမ်လည်ရယူနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ပိတ်သိမ်းနိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန်ဘက်က ရယူလိုနေတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကလည်း ဆိုက်ဘာလိမ်လည်မှုကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းအများအပြားဟာ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လည်ပတ်နေပြီး အကျိုးအမြတ်တချို့ စစ်တပ်ဆီ စီးဝင်နေတယ်လို့ သုတေသီတွေက ထောက်ပြထားတာကြောင့် မြန်မာအာဏာပိုင်တွေရဲ့ နှိမ်နင်းရေးဆောင်ရွက်ချက်တွေအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

နောက်ထပ်အရေးပါတဲ့ ဆွေးနွေးမှုတစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တု အရင်းအမြစ်တွေကို အမေရိကန်ဘက်က ရယူနိုင်ရေးကိစ္စ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ်တာဘိုင်တွေနဲ့ နည်းပညာမြင့်စက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ မြေရှားသတ္တုတွေကို အမေရိကန်က တရုတ်နိုင်ငံအပေါ် မှီခိုနေရမှု လျှော့ချလိုတာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အဓိကမြေရှားသတ္တုသိုက်တွေဟာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အများဆုံးတည်ရှိနေတာကြောင့် လက်တွေ့အကောင်အထည်ဖော်ရေးမှာ အတားအဆီးတွေ ရှိနေပါတယ်။

ဒါ့အပြင် မြန်မာ့မြေရှားသတ္တုတွေကို အဓိကဝယ်ယူနေတဲ့ တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ ဝင်ရောက်ပါဝင်မှုကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှုမြင်လာနိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ အခုလို မူဝါဒအပြောင်းအလဲဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးအရေးယူခဲ့တဲ့ ယခင်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရရဲ့ ချဉ်းကပ်မှုနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘိုင်ဒန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ အမေရိကန်ဗဟိုဘဏ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့ပြီး စစ်တပ်အရာရှိကြီးတွေနဲ့ စစ်တပ်ဆက်နွှယ်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း အမေရိကန်လွှတ်တော်က စစ်တပ်ဆန့်ကျင်ရေးအင်အားစုတွေအတွက် လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး ခွင့်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးနိုင်တဲ့ စနစ်တွေ ပါဝင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် ထရမ့်အစိုးရရဲ့ နိုင်ငံခြားအကူအညီ ပြန်လည်ဖွဲ့စည်း လျှော့ချမှုတွေအတွင်း အစီအစဉ်အများစု ရပ်ဆိုင်းခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

အမေရိကန်အဆင့်မြင့်အရာရှိ လာရောက်တွေ့ဆုံပြီး နှစ်ပတ်မပြည့်ခင်မှာပဲ ရခိုင်ပြည်နယ်ရှိ လူစည်ကားတဲ့ ဈေးတစ်ခုကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအတွင်း အမေရိကန်အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိုလည်း ဆက်လက်တောင်းဆိုနေတယ်လို့ ရှင်းလင်း ပြောဆိုထားပါတယ်။

မိုက်ကယ်ဗန့်စ်ဟာ စစ်တပ်ကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း လူကိုယ်တိုင်ရော အွန်လိုင်းကပါ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တဖက်မှာတော့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ထိပ်တန်းဒီမိုကရက်အမတ် ဂရီဂိုရီ မိစ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တိုက်ရိုက်ဆက်ဆံမှုတွေဟာ အမေရိကန်ရဲ့ တန်ဖိုးထားမှုတွေနဲ့ အကျိုးစီးပွားတွေကို ဆန့်ကျင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန်ကွန်ဂရက်က အတည်ပြုထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဒီမိုကရေစီထောက်ပံ့ရေးအစီအစဉ်တွေကို အပြည့်အဝမဆောင်ရွက်ဘဲ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးခြင်းဟာ မြန်မာစစ်တပ်ဦးဆောင်တဲ့ အစိုးရအတွက် နိုင်ငံတကာအသိအမှတ်ပြုမှု ပိုမိုရရှိစေနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက အမေရိကန်နိုင်ငံအတွင်း သံတမန်ရေးနဲ့ နိုင်ငံရေးဆက်ဆံမှုတွေ တိုးတက်လာစေရေးအတွက် လော်ဘီလုပ်ငန်းတွေကို ငှားရမ်းအသုံးပြုနေကြောင်း ရိုက်တာ က ဖော်ပြထားပါတယ်။

အခုလို အမေရိကန်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား တိုက်ရိုက်ဆွေးနွေးမှုတွေ ပြန်လည်စတင်လာခြင်းဟာ ထရမ့်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး အနာဂတ်မှာ နှစ်နိုင်ငံဆက်ဆံရေး ဘယ်အဆင့်အထိ တိုးတက်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.