ကိုလမ်ဘို၊ အောက်တိုဘာ ၈
သီရိလင်္ကာ သမ္မတကတော်ဟောင်း ရှီရန်သီ ရာဂျာပက်ဆာဟာ သူနဲ့ ဆက်စက်တဲ့ ပရဟိတ အဖွဲ့ တစ်ဖွဲ့က ကလေးဆေးရုံအတွက် စုဆောင်းထားတဲ့ အလှူငွေတွေကို အလွဲသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရပါတယ်။
သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာရဲ့ အသက် ၇၃ နှစ်အရွယ် ဇနီးသည်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိတွေက သူတို့ရဲ့ ကိုလမ်ဘိုမြို့ နေအိမ်မှာ အောက်တိုဘာ ၇ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကိုလမ်ဘိုမြို့ရှိ လေဒီ ရိတ်ချ်ဝေး ကလေးဆေးရုံမှာ အထူး စစ်ဆေးကိရိယာ တစ်ခု အတွက် သုံးစွဲဖို့ ရည်ရွယ်ပြီး သီရိလီယာ ဆာဗီယာ ပရဟိတ အဖွဲ့က စုဆောင်းထားတဲ့ အလှူငွေ ရူပီး ၁၀ သန်း (ကန်ဒေါ်လာ ၃၀၃၀၀) နဲ့ ပတ်သက်လို့ ရှီရန်သီကို အာဏာပိုင်တွေက မေးမြန်း စစ်ဆေးနေပါတယ်။
ဒါပေမဲ့ အဲဒီ စစ်ဆေးရေး ကိရိယာကို တရုတ်အစိုးရက လှူဒါန်းထားပြီး ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
ရှီရန်သီက သူ့အနေနဲ့ အမှားလုပ်ထားတာ မရှိဘဲ အလှူငွေတွေကို အပိုင်စီးထားတာ မရှိဘူးလို့ ပြောထားပါတယ်။
သူဟာ စင်ကာပူမှာ ဆေးဝါး ကုသမှုခံယူပြီးနောက် အောက်တိုဘာ ၆ ရက်က သိရိလင်္ကာကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။
သူ ဖမ်းဆီးမခံရရေး တရားရုံးသို့ လျှောက်ထားခဲ့ပေမယ့် ကြားနာမှုကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အဲဒီ ငွေတွေဟာ သီရိလီယာ ဆာဗီယာ ပရဟိတအဖွဲ့ရဲ့ ဘဏ်အကောင့်ထဲမှာ လုံလုံခြုံခြုံ ရှိနေကြောင်း လိမ်လည်မှု မဖြစ်ပွားခဲ့ကြောင်း သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတော့ဂျ် ဂါမာဂျီက ပြောပါတယ်။
မာဟင်ဒါ ရာဂျာပက်ဆာဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သီရိလင်္ကာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ်များစွာကြာတဲ့အထိ သူ့မိသားစုဟာ သီရိလင်္ကာ နိုင်ငံရေးအပေါ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့တာပါ။
သူ့ရဲ့ ပထမသမ္မတ သက်တမ်းအတွင်း ၂၀၀၉ ခုနှစ်က တမီလ်ကျား သူပုန်တွေကို နှိမ်နှင်းပြီး ဆယ်စုနှစ် သုံးစုကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့အတွက် သူရဲကောင်းအဖြစ် သူ့ကို လူအများက ချီးကျူး ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး သီရိလင်္ကာမှာ လောင်စာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး ကုန်သွားတာကြောင့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။
မာဟင်ဒါရဲ့ညီ ဖြစ်သူ အဲဒီအချိန်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူ ဂိုတာဘာယာ ရာဂျာပက်ဆာ ဖြုတ်ချခံခဲ့ရပါတယ်။
အကျင့်ပျက်ခြားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေဟာ သီရိလင်္ကာမှာ အရင်က ရပ်တန့်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။
Ref:BBC

