ပါရီ၊ အောက်တိုဘာ ၈
အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ မူးမေ့စေတဲ့ လက်ပစ်ဗုံး အသုံးပြုမှုကို ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်ပါတယ်။
လန်းစ်မြို့မှာ ရဲတပ်ဖွဲ့ ပစ်လိုက်တဲ့ လက်ပစ်ဗုံးကို ပြန်လွှင့်ပစ်ဖို့ ကောက်ကိုင်တဲ့ ၁၅ နှစ်အရွယ် ကျောင်းသား တစ်ဦး လက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီးနောက် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ ကျောင်းသား လူငယ်ဟာ လက်ပစ်ဗုံးကို ကောက်ကိုင်လို့ ထိခိုက်ဒဏ်ရာရခဲ့တာလား ဒါမှမဟုတ် သူ့အနီးမှာ ကျရောက်ပေါက်ကွဲတာကြောင့် ဒဏ်ရာရရှိခဲ့တာလားဆိုတာကို ပြင်သစ် အာဏာပိုင်များက တိတိကျကျ ပြောဆိုထားတာ မရှိသေးပါဘူး။
သီတင်း နှစ်ပတ်ကြာ ဆန္ဒပြပွဲတွေအတွင်း မကြာခဏဆိုသလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရက်ရက်စက်စက် နှိမ်နှင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက ပယ်ချထားပါတယ်။
အောက်တိုဘာ ၇ ရက် ညနေပိုင်းက ရုပ်သံမိန့်ခွန်းမှာ ဝန်ကြီးချုပ် ဆီဘတ်စတီယန် လီကော်နုက အထက်တန်းကျောင်းသားတွေရဲ့ စိုးရိမ်မှုတွေကို နိုင်ငံတော် အနေနဲ့ ဂရုမစိုက်ဘဲ နေလို့ မရဘူးလို့ ပြောပါတယ်။
ဆန္ဒပြ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားတာ မရှိဘူးလို့လည်း ဝန်ကြီးချုပ် လီကော်နုက ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီး လောရင့် နူးနက်ဇ်က အထက်တန်း ကျောင်းသားတွေရဲ့ဆန္ဒပြပွဲအတွင်း လက်ပစ်ဗုံး အသုံးပြုမှုကို ယာယီ ရပ်တန့်ရေး ရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း ပြောထားပါတယ်။
ဆန္ဒပြပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိကြောင်း သိရပြီး ဗီဒီယိုဖိုင်တွေမှာ ဆန္ဒပြသူတွေက မီးရှူးမီးပန်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာ တွေ့ရသလို ရဲတပ်ဝင်တွေကလည်း ဆန္ဒပြသူတွေကို တုတ်တွေရဲ့ ရိုက်နှက်တာ ကန်ကျောက်တာတွေ တွေ့မြင်ရပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကျောင်းသားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သင်ကြားရေး ဝန်ထမ်းတွေလည်း ပါဝင်နေပါတယ်။
အထက်တန်းကျောင်းတွေရဲ့ အခြေအနေတွေ ပိုကောင်းလာစေရေး တောင်းဆိုတဲ့ လှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း လူငယ် အများစု ပါဝင်တဲ့ လူပေါင်း ၆၅၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
အာဏာပိုင်တွေက သင့်တော်မှု မရှိတဲ့ အင်အားကို အသုံးပြုတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ၊ သမဂ္ဂတွေနဲ့ ကျောင်းသားတွေက စွပ်စွဲခဲ့ပြီးနောက် အစိုးရက ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ မူးမေ့စေတဲ့ လက်ပစ်ဗုံး အသုံးပြုမှု ရပ်တန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေက နိုင်ငံတဝှမ်း ဆက်လက် ဆန္ဒပြကြဖို့ တိုက်တွန်းထားပြီး ပညာရေးသမဂ္ဂတွေကလည်း တိုက်တွန်းထားပါတယ်။
ဆရာ၊ဆရာမတွေ မရှိ ဖြစ်နေတာ၊ အတန်းချိန်များလွန်းတဲ့ အချိန်ဇယားတွေ၊ ယိုယွင်းနေတဲ့ စာသင်ခန်းတွေနဲ့အဆောက်အဦတွေဟာ မြင့်တက်လာတဲ့ အပူချိန်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆန္ဒပြ ကျောင်းသားတွေက ပြောထားပြီး ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားကြပါတယ်။
Ref:AFP

