စင်ကာပူ၊ အောက်တိုဘာ ၇

စင်ကာပူနိုင်ငံရဲ့ ဒေသ ၅ ခုစလုံးရှိ လေထု အရည်အသွေးဟာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ ကျန်းမာရေးနဲ့ မညီတဲ့ အဆင့်အထိ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

၂၄ နာရီ လေထုညစ်ညမ်းမှု စံနှုန်းညွှန်းကိန်း (PSI) စစ်ဆေး တိုင်းတာချက်တွေဟာ မနက်ပိုင်းကတည်းက မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ည ၁၂ နာရီ စင်ကာပူ အလယ်ပိုင်းမှာ လေထု ညစ်ညမ်းမှု အမြင့်မားဆုံး ဖြစ်ခဲ့ပြီး PSI ညွှန်းကိန်း ၁၃၃ အထိ မြင့်တက်ခဲ့ပါတယ်။

အဲဒီ ညွှန်းကိန်းဟာ အနောက်ပိုင်းမှာ ၁၂၄ ၊ အရှေ့ပိုင်းမှာ ၁၂၃ နဲ့ တောင်ပိုင်းမှာ ၁၀၃ ရှိခဲ့တာ ဖြစ်ပါတယ်။

မနက် ၁၁ နာရီအချိန် မြောက်ပိုင်းမှာ ညွှန်းကိန်းဟာ ၁၀၀ ကနေ ၁၀၁ သို့ မြင့်တက်လာခဲ့ပြီး တခြားဒေသတွေလိုပဲ ကျန်းမာရေးနဲ့ မညီတဲ့ လေထု ညစ်ညမ်းမှု အဆင့်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ (NEA) ရဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက စင်ကာပူ၊ ဆူမတြား၊ ကလီမန်တန် နဲ့ မလေးရှား ကျွန်းဆွယ်ရှိ လေထု အရည်အသွေး တိုင်းတာစခန်း အားလုံးမှာ လေထု အရည်အသွေးဟာ ကျန်းမာရေးနဲ့ မညီတဲ့ အဆင့်ကနေ အန္တရာယ်ရှိတဲ့ အဆင့် ဖြစ်နေကြောင်း သတင်းပေးပို့ထားကြတယ်လို့ ဖော်ပြပါတယ်။

အာဆီယံဒေသ မြောက်ပိုင်းမှာ မီးခိုးမြူတွေ သိသိသာသာ မတွေ့ရဘဲ ဒေသရဲ့ မီးခိုးမြူတွေ ဖြစ်စေတဲ့ နေရာ အရေအတွက် လျော့နည်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံဒေသ တောင်ပိုင်းမှာ မီးခိုးမြူ ထွက်ပေါ်တဲ့ နေရာနဲ့ မီးခိုးမြူ အခြေအနေ ဆက်လက် အရှိန်ကောင်းလာဖွယ်ရှိနေပြီး နယ်မြေ ဖြတ်ကျော် မီးခိုးမြူ အန္တရာယ်တွေနဲ့ ပတ်သက်လို့ သတိပေးမှုတွေလည်း ရှိနေတာပါ။

ကျန်းမာသူတွေအနေနဲ့ အပြင်ဖက်မှာ အချိန် အကြာကြီး မနေကြဖို့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ ပြင်းထန်တဲ့ နှလုံးရောဂါနဲ့ အဆုတ်ရောဂါ ရှိသူတွေ အပြင်ကို မထွက်ကြဖို့ စင်ကာပူ အာဏာပိုင်တွေက တိုက်တွန်းထား ပါတယ်။

၂၄ နာရီ PSI တိုင်းတာချက် ၁၀၁ကနေ ၂၀၀ အထိ ရှိနေတဲ့ အခြေအနေကို ကျန်းမာရေးနဲ့ မညီဘူးလို့ သတ်မှတ်ပြီး ၂၀၁ ကနေ ၃၀၀ ကြားကို အလွန် ကျန်းမာရေးနဲ့ မညီဘူးလို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ၃၀၀ အထက်ကျော်လွန်သွားရင်တော့ အန္တရာယ်ရှိတဲ့ အဆင့် သတ်မှတ်တာ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.