ကွာလာလမ်ပူ၊ အောက်တိုဘာ ၈
မြန်မာ စစ်တပ် ထောက်ခံတဲ့ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အောက်တိုဘာ ၈ ရက်က တွေ့ဆုံပြီးနောက် အာဆီယံ အဖွဲ့ထဲသို့ မြန်မာ အပြည့်အဝ ပြန်လည် ပေါင်းစည်းပါဝင်ရေး သေချာစေဖို့ မိမိတို့ အစိုးရက ဖြစ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။
မလေးရှားရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ပြန်လည် ပို့ဆောင်မှု အပါအဝင် မြန်မာနဲ့အတူ ဆက်လက် အလုပ်လုပ်သွားမယ်လို့လည်း အန်ဝါက ကတိပြုပါတယ်။
မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ရှုတ်ချထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲ အတု ကျင်းပကာ ပြီးခဲ့တဲ့ဧပြီလက သမ္မတ ရာထူးကို ရယူပြီးနောက်ပိုင်း ပိုမိုကြီးမားတဲ့ နိုင်ငံတကာ တရားဝင်မှု ရရှိရေး ကြိုးပမ်းနေချိန် မလေးရှားသို့ နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိနေပါတယ်။
စစ်ခေါင်းဆောင် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်တယ်လို့ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။
ဒီမိုကရေစီနည်းအရ ရွေးကောက်ခံထားရတဲ့ အစိုးရဆီကနေ မင်းအောင်လှိုင်ဦးဆောင်ပြီးတော့ စစ်တပ်က ၂၀၂၁ ခုနှစ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံတဝှမ်း ပြည်တွင်းစစ်ဖြစ်နေတာနဲ့အတူ မြန်မာနိုင်ငံဟာ ပရမ်းပတာ ဖြစ်နေပါတယ်။
အာဏာသိမ်းပြီးနောက် အာဆီယံ အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ် တစ်ရပ်ကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက် မင်းအောင်လှိုင်နဲ့ တခြားမြန်မာ အကြီးတန်းအရာရှိတွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့ပါတယ်။
ဒါပေမဲ့ တချို့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ ကြိုးပမ်းနေကြပါတယ်။
သမ္မတ ရာထူးကို ရယူပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ အာဆီယံ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နိုင်ငံတွေဆီ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေကို ဝန်ကြီးချုပ် အန်ဝါက အသိအမှတ်ပြုပေမယ့် မတူခြားနားမှုကို လေးစားရမှာ ဖြစ်ပြီး မင်းအောင်လှိုင်က ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားတယ်လို့ ဖြည့်စွက် ပြောဆိုပါတယ်။
မလေးရှားက ပို့ဆောင်လိုက်တဲ့ မြန်မာနိုင်ငံသား ၁၀၄၉ ဦးကို လက်ခံပေးတဲ့ အတွက် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်းလည်း အန်ဝါက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို လုံးဝ လက်ခံတော့မှာ မဟုတ်ကြောင်း မလေးရှားက ပြောထားပြီး သူတို့ဟာ မိမိတို့အတွက် ဝန်ထုပ်ဝန်ပိုးနဲ့ လုံခြုံရေး အန္တရာယ် ဖြစ်လာနေတယ်လို့ ပြောထားပါတယ်။
လက်ရှိ မလေးရှား လူဝင်မှု ကြီးကြပ်ရေး စင်တာတွေမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ခေါ်ယူသွားမှာ ဖြစ်ကြောင်း မင်းအောင်လှိုင်က အန်ဝါနဲ့ ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref:Agencies

