သထုံ၊ အောက်တိုဘာ ၈
မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းအနီး IC စားသောက်ဆိုင်အနီးမှာ အပူဒဏ်ကြောင့် လူငယ်ပိုင်း အမျိုးသမီး တစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပေါ်တော်မူကျေးရွာ ဘုရားလမ်းနေ အသက် ၂၈ နှစ်အရွယ် မကြည်ပြာအေးဟာ ဆိုင်ကယ်ပေါ် အတက်မှာ အပူဒဏ်ကြောင့် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လဲကျသေဆုံးသွားတဲ့ မကြည်ပြာအေးဟာ စားသောက်ဆိုင်ကနေ ထွက်လာပြီးနောက် ဆိုင်ကယ်ပေါ် အတက်မှာ မူးလဲကျသွားတာလို့ သိရပါတယ်။
အဲဒီနောက် ဒေသခံတွေက အိုးဝေနဲ့သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုးဇလရဲ့ အောက်တိုဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်ဟာ အမြင့်ဆုံး အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး အပူချိန် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ကမ္ဘာ့မိုးလေဝသပညာရှင်တွေကတော့ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမယ့် ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ပြီး လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စူပါအယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ သက်ရောက်မှု ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အပူချိန်မြင့်မားလာမှုကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ဖို့၊ အလွန်ပူနေတဲ့ နေရာတွေကနေ အေးတဲ့နေရာကို ချက်ချင်းမဝင်ဖို့နဲ့ အပြင်ထွက်သွားလာမှုကို သတိရှိကြဖို့ ကျန်းမာရေဌာနက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

