မော်လမြိုင်၊ အောက်တိုဘာ ၈
မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း အစိုးရက တောင်သူလယ်သမားတွေကို စာရင်းမှတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ ကတိပြုထားပေမယ့် မြေပြင်မှာတော့ စက်သုံးဆီ ဝယ်မရဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တောင်သူလယ်သမားတွေ မိုးစပါးရိတ်သိမ်းခြွေလှေ့တာနဲ့ ထွန်းယက်စိုက်ပျိုးဖို့အတွက် စက်သုံးဆီတွေကို စာရင်းမှတ်စနစ်နဲ့ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ဖြေကြားထားပါတယ်။
ဒါပေမယ့် တောင်သူတွေဟာ စက်သုံးဆီဆိုင်တွေမှာ လိုက်လံဝယ်ယူပေမယ့် ဆီဆိုင်တွေက ပုံးတွေနဲ့ မရောင်းပေးတဲ့အတွက် ရိတ်သိမ်းခြွေလှေ့တာနဲ့ ထွန်းယက်စိုက်ပျိုးဖို့ အခက်ကြုံနေရပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေက တောင်သူတွေကို စက်သုံးဆီ မရောင်းပေးနေတာကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်ပေပါကို ကျပ် ၁၈ သိန်းကျော် ပေးပြီး ဝယ်ယူသုံးစွဲနေတယ်လို့ တောင်သူတွေက ပြောပါတယ်။
တောင်သူတွေကတော့ စစ်အစိုးရအနေနဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို တိကျတဲ့ မူဝါဒတွေ ချမှတ်ပေးဖို့နဲ့ သတ်မှတ် စည်းကမ်းချက်တွေ ဖြေလျော့ပေးဖို့ တောင်းဆိုတာပါ။
စစ်အစိုးရက တောင်သူတွေအနေနဲ့ စက်သုံးဆီ ဝယ်ယူရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အပါအဝင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအထိ ထောက်ခံစာတွေ ပြုလုပ်ခိုင်းထားတာ ဖြစ်ပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ကို စိုက်ပျိုးရေးစရိတ် ချေးငွေ ရယူစဉ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က သိမ်းဆည်းထားတာကြောင့် စက်သုံးဆီ ဝယ်ယူမရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။
စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရကတော့ မိုးစပါးရိတ်သိမ်းခြွေလှေ့မယ့် ဧက ၆ သိန်းကျော်အတွက် စက်သုံးဆီ ဂါလံ ၁၈ သိန်း၊ နွေးစပါးထွန်းယက်မှု ဧက ငါးသောင်းအတွက် ဂါလံ တစ်သိန်းခွဲ ရောင်းချပေးဖို့ စီမံဆောင်ရွက်ထားတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် တောင်သူတွေဟာ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ဝယ်ယူလို့ မရတာကြောင့် စက်သုံးဆီကို မှောင်ခိုဈေးကွက်မှာ အဆမတန် ပေးပြီး ဝယ်ယူစိုက်ပျိုးနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

