မော်လမြိုင် ၊ အောက်တိုဘာ ၈
အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှု ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုကို ကျော်ဖြတ်နိုင်ဖို့ စိန်ခေါ်ချက်တွေ များပြားလှပါတယ်။
စစ်အစိုးရလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာခဲ့ပြီဖြစ်လို့ နေ့အပူချိန် တိုးလာနိုင်တယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
အနောက်တောင်မုတ်သုံလေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ စက်တင်ဘာ ၂၅ ရက်မှာ အလယ်ပိုင်းကို ဆုတ်ခွာခဲ့ပြီး အောက်တိုဘာ ၂ ရက်မှာ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ၆ ရက်မှာ တောင်ပိုင်းဒေသတွေကနေ ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မိုးဇလကနေ ထုတ်ပြန်တဲ့ အောက်တိုဘာ ၇ ရက်အတွက် မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ လွိုင်ကော်နဲ့ ဘားအံတို့မှာ ၃၆ ဒီဂရီဆဲလ်စီးယပ်အထိ အပူချိန်ရှိလာနိုင်ပြီး အောက်တိုဘာ ၁၀ ရက်အထိ အပူချိန် ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးထားတာပါ။
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ရဲ့ အပူချိန်ကလည်း အောက်တိုဘာ ၆ ရက်နေ့မှာ ၃၅ ဒီဂရီဆဲလ်စီးယပ်အထိ အမြင့်ဆုံး ရောက်ရှိလာခဲ့တယ်လို့ မိုးဇလကနေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကနေ သိရပါတယ်။
ဆားလုပ်ငန်းရှင်တစ်ဦးက အပူချိန်မြင့်မားလာနိုင်တဲ့အပေါ် လုပ်သားတွေအတွက် လိုအပ်တဲ့ အကာအကွယ်တွေ ရရှိဖို့ အခုကတည်းက ကြိုတင်စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ အရိပ်အာဝါသ ကောင်းအောင် ဘာညာဆိုတဲ့ဟာက အခုကတည်းက ကြိုပြီးတော့ စီစဉ်ထားတယ်လေ။ ဆားကွင်းဆိုပေမယ့် အလုပ်လုပ်ဖို့နေရာ နားနေဖို့ နေရာအတွက် လိုအပ်တာ ကျွန်တော်တို့ စီစဉ်ထားပေးတယ်။ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ကတော့ နိုင်ရင်နိုင်သလောက် ကျွန်တော်တို့ စုဆောင်းပေးထားတယ်”လို့ ဆိုပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ကလည်း အယ်လ်နီညိုကြောင့် ပူပြင်းခြောက်သွေ့မှုတွေ၊ မြေအောက်ရေ ခမ်းခြောက်မှုတွေ ကြုံတွေ့ရနိုင်ပြီး လက်ရှိအချိန်မှာ တချို့ မြို့နယ်တွေမှာ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အယ်လ်နီညိုရာသီဥတုရဲ့ ပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်သွားကြဖို့ လိုတယ်လို့ အောက်တိုဘာ ၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ သူက ပြောကြားထားတာပါ။
သောက်သုံးရေနဲ့ စိုက်ပျိုးရေတွေ ထိန်းသိမ်းသုံးစွဲတာ၊ အပူရှောင်စခန်းတွေ ဖွင့်လှစ်တာ၊ ဆည် တာတမံတွေမှာ ရေတွေ သိုလှောင်စုဆောင်းတာ၊ရေဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းကြပ်မတ်တာ၊ ကြာရှည်စွာအထားခံ စားသောက်လို့ ရနိုင်တဲ့ အသီးအနှံနဲ့ စားရေးရိက္ခာတွေကို စုဆောင်းထားဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးနှောင်းရာသီသီးနှံတွေကို ရည်မှန်းချက်ရတဲ့အထိ စိုက်ပျိုးတာ၊ မွေးမြူရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံလုပ်ဆောင်တာတွေနဲ့ ပြင်ဆင်သွားကြဖို့ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ဦးမင်းအောင်လှိုင်က ညွှန်ကြားခဲ့တာပါ။
ပြည်သူတစ်ဦးကတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာမို့ စားနပ်ရိက္ခာတွေ ကြိုတင်စုဆောင်းထားဖို့ဆိုတာ ငွေကြေးပြည့်စုံသူတွေအဖို့ ပြဿနာမရှိနိုင်ပေမယ့် အခြေခံလူတန်းစားတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။
အလားတူ နောက်ထပ် ပြည်သူတစ်ဦးကလည်း တစ်နေ့လုပ်တစ်နေ့စားတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေ စုဆောင်းထားဖို့ မဖြစ်နိုင်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ဆိုရင် မစုဖြစ်ဘူး။ နောက်ပြီးတော့ စုချင်တဲ့သူတွေလည်း ကိုယ်ရတဲ့ တစ်နေ့လုပ် တစ်နေ့စားဆို သူ ဘယ်မှာ သွားစားရပါ့မလဲ။ ဒီလိုပဲ တစ်နေ့လုပ်တစ်နေ့စားတဲ့လူတွေက ။ ပိုက်ဆံရှိတဲ့သူတွေပဲ (စားနပ်ရိက္ခာတွေ) စုနိုင်မှာ။ ဒါပေမယ့် အဲဒီကိစ္စနဲ့ (အယ်နီညိုရာသီဥတု) စားနပ်ရိက္ခာစုဆောင်းဖို့ ဘာမှ မဆိုင်ပါဘူးလို့ ကျွန်တော်တို့ မြင်တယ်”လို့ ဆိုပါတယ်။
စားရေးရိက္ခာစုဆောင်းထားဖို့ ဦးမင်းအောင်လှိုင်က ညွှန်ကြားထားပေမယ့် ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လိုအပ်ရင် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန် အပါအဝင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် ထောက်ပံ့ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး စီမံထားတာ မတွေ့ရသေးပါဘူး။
တစ်ဘက်မှာတော့ ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန်တွေ မြင့်တက်ပြီး ဓာတ်အားလိုအပ်ချက်လည်း မြင့်တက်လာတဲ့အတွက် ဝန်အားထိန်းညှိဖို့ လျှပ်စစ်မီးကိုလည်း အလှည့်ကျစနစ်နဲ့ ပြန်ပေးလာပါတယ်။
ဒီအတွက်ကြောင့် လျှပ်စစ်မီးကို အသုံးပြုပြီး ချက်ပြုတ်တာအပါအဝင် အိမ်မှုကိစ္စတွေနဲ့ အသေးစားအလတ်စားလုပ်ငန်းခွင်တွေအထိ လူမှုစီးပွားအပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တယ်လို့ ပြည်သူတွေက ထုတ်ပြောထားကြတာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က မင်းအောင်လှိုင်လုပ်နေတာတွေက သူ့အာဏာကို ကာကွယ်ဖို့ပဲ ဦးစားပေးနေတာဖြစ်လို့ ပြည်သူတွေအပေါ် ဘာတာဝန်ယူမှုမှ မရှိနေဘူးလို့ ဝေဖန်ပါတယ်။
“ပြည်သူတွေကိုတော့ ဖြစ်လာနိုင်တဲ့ ရာသီဥတုအခြေအနေတွေ ထုတ်ပြန်ထားတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ကာကွယ်ကြဆိုတဲ့ ပုံစံနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ မင်းအောင်လှိုင်လုပ်နေတဲ့ ပုံစံက ငါတော့ ငါ့အာဏာကိုပဲ ငါကာကွယ်မယ်၊ ပြည်သူတွေ မသေချင်ရင်တော့ မင်းတို့ ကိုယ့်အသက်ကိုသာ ကာကွယ်ကြ မသေအောင်ဆိုတဲ့ ပုံစံနဲ့ပဲ လုပ်ထားတာမို့ တာဝန်မဲ့တဲ့ အစိုးရဖြစ်တယ်”လို့ ဆိုပါတယ်။
ကမ္ဘာ့မိုးလေဝသပညာရှင်တွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ အလွန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမယ့် ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ပြီး လူဦးရေ သိန်းနဲ့ချီ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
မြန်မာနိုင်ငံမှာ အခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အမြင့်ဆုံး အပူချိန်ကို သိသိသာသာ ရောက်ရှိခံစားနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ အယ်လ်နီညိုဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ထားကြတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

