ဝါရှင်တန်၊ အောက်တိုဘာ ၉

နိုဝင်ဘာလ ၃ ရက် ကျင်းပမယ့် အမေရိကန် သက်တမ်းဝက် လွှတ်တော် ရွေးကောက်ပွဲ မတိုင်ခင် အမေရိကန်က အီရန်ကို တိုက်ခိုက်မှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က အောက်တိုဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ခြောက်လကြာ စစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ မိမိတို့ နှစ်နိုင်ငံကြား အကျိုး ဖြစ်ထွန်းတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ထရန့်က ဆိုပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်ထောင်စုနဲ့ မိမိတို့ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ထရန့်က Truth Social လူမှုမီဒီယာမှာ ရေးပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ စတင်ပြုလုပ်ချိန် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်ပွဲကြောင့် ထရန့်ရဲ့ ပြည်တွင်း ထောက်ခံမှုနှုန်း လျော့ကျသွားခဲ့ပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲအတွင်း ထရန့်ရဲ့ ရီပက်ဘလေကန် အမတ်တွေက လွှတ်တော်တွင်း အမတ်နေရာ အနည်းငယ် အသာနဲ့ လူများစု နေရာ ရရှိထားမှုကို ဆက်လက် ထိန်းထားနိုင်ရေး ကြိုးပမ်းနေချိန် အီရန် စစ်ပွဲကြောင့် သူတို့ အပေါ် အများကြီး ဖိအား ရှိလာစေပါတယ်။

ရီပက်ဘလေကန် လေးဦးမှာ တစ်ဦး အပါအဝင် အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းက အီရန် အခြေအနေကို ထရန့် ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ သဘောမတူ ဖြစ်နေကြောင်း ရိုက်တာသတင်းဌာနရဲ့ သဘောထား စစ်တမ်းမှာ ဖော်ပြထား ပါတယ်။

မဲပေးသူတွေက သူတို့ရဲ့ အဓိက စိုးရိမ်မှုဟာ စားဝတ်နေရေး ကုန်ကျစရိတ်တွေ ဖြစ်တယ်လို့ ပြောထားချိန်မှာ အီရန် စစ်ပွဲကြောင့် လောင်စာ ဈေးနှုန်းတွေ သိသိသာသာ ပိုမို မြင့်တက်လာခဲ့ပါတယ်။

ထရန့်က ရွေးကောက်ပွဲပြီးနောက် ရေနံဈေး လျော့ကျမယ်လို့ မျှော်လင့်ထားကြောင်း အကြိမ်ကြိမ် ပြောထားပေမယ့် စစ်ပွဲက အမေရိကန် ထွက်ခွာရေးအတွက် အသေးစိတ် အစီအစဉ်ကို သူက ဖော်ပြထားတာ မရှိသေးပါဘူး။

စစ်ပွဲ အဆုံးသတ်ရေး၊ အရေးပါတဲ့ ကမ္ဘာ့ စွမ်းအင် တင်ပို့မှု လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွစ်လှစ်ရေး ရည်ရွယ်ပြီး အီရန်နဲ့ အမေရိကန်တို့က မကြာသေးခင် သီတင်းပတ်တွေအတွင်း အဆိုပြုမှုတွေ အပြန်အလှန် ပြုလုပ်ထားကြပါတယ်။

ဒါပေမယ့် အီရန်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ထရန့်က ပယ်ချထားပါတယ်။

တီဟီရန်အနေနဲ့ ယူရေနီယံ သန့်စင်မှုကို စွန့်လွှတ်မှာ မဟုတ်သလို မိမိတို့ရဲ့ ယူရေနီယံတွေကိုလည်း လွှဲအပ်သွားမှာ မဟုတ်ကြောင်း အီရန် အနုမြူ စွမ်းအင် အဖွဲ့အစည်း အကြီးအကဲကို ကိုးကားပြီး အီရန် နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၈ ရက်မှာ ဖော်ပြပါတယ်။

အီရန်က နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန်၊ အစ္စရေးနဲ့ အနောက်တိုင်း မဟာမိတ်တွေက စွပ်စွဲထားကြတာ ကြာပြီ ဖြစ်ပါတယ်။

မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် သက်သက် ဖြစ်တယ်လို့ အီရန်က ပြောကြားပြီး နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာမျိုး မရှိဘူးလို့ ပြောထားပေမယ့် သူတို့ရဲ့ ယူရေနီယံ သန့်စင်မှု အတိုင်းအတာက လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါး ဖြစ်လာနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.