မော်စကို ၊ အောက်တိုဘာ ၉

ကပ်ရောဂါကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ အမျိုးသမီး တစ်ဦးနဲ့ ထိတွေ့ခဲ့သူ အားလုံးကို ရုရှားက ခြေရာခံ စစ်ဆေးပြီးနောက် ကျန်းမာရေး ပြဿနာတွေနဲ့သေးငယ်လွန်းတဲ့ သက်ရှိဇီဝရုပ်တွေ တစ်ခုမှ မတွေ့ရဘူးလို့ ဆိုက်ဘေးရီးယားရှီ အီယာကူဆာ ဒေသ အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

ထိတွေ့သူအားလုံးကို ဆေးဖက်ဆိုင်ရာ စောင့်ကြည့်မှု ပြုလုပ်ပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး အီဂေါ် ကိုဘဇက်က ရုရှား အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ လူမှုမီဒီယာ Max ပေါ်မှာ ပြောထားပါတယ်။

ကူးစက်ရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုမှ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ အမျိုးသမီးဟာ ကပ်ရောဂါကြောင့် သေဆုံးကြောင်း ရုရှားက အတည်မပြုထားပါဘူး။

သေဆုံးသူ အမျိုးသမီးဟာ လူထုကြား ကူးစက်တဲ့ အဆုပ်ရောင်ရောဂါ ကူးစက်ခံခဲ့ရတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ကိုဘဇက်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်က အဲဒီ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ရင် အကူအညီ ပေးဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာနယ်လစ်တွေ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ People of Baikal သတင်းဌာနက အဲဒီ ဖြစ်ရပ်အကြောင်းကို အောက်တိုဘာ ၂ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ သေဆုံးမှုဟာ ဓာတ်ခွဲခန်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခုနဲ့ ဆက်စပ်နေနိုင်ကြောင်း တခြား သတင်းဌာနတွေကလည်း ဖော်ပြခဲ့ကြပါတယ်။

အဲဒီ အမျိုးသမီး သေဆုံးမှုကြောင့် ကပ်ရောဂါ ပျံ့နှံ့မှု ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ လူမှုမီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆိုက်ဘေးရီးယား ဒေသရှိ အသေးစား နို့တိုက်သတ္တဝါတွေကြားမှာ ဟိုးရှေးကတည်းက ကပ်ရောဂါ ပျံ့နှံ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် သေဆုံးသွားတဲ့ တိရစ္ဆာန် အသေကောင်တွေဟာ ရေခဲထုအောက်မှာ ပျက်စီးမသွားဘဲ အကောင်လိုက်ရှိနေတာကြောင့် ရေခဲတွေ အရည်ပျော်ချိန်မှာ တခါပြန် ရောဂါပျံ့နှံ့မှု ဖြစ်ပွားလေ့ ရှိပါတယ်။

အီယာကူဆာဒေသရှိ ကပ်ရောဂါ သုတေသန အဖွဲ့အစည်း တစ်ခုက အသက် ၂၈ နှစ်အရွယ် အမျိုးသမီး အလုပ်သမားဟာ ကပ်ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး စမ်းသပ်ပြွန် ကွဲသွားရာက ရောဂါ ကူးစက်တာ ဖြစ်နိုင်ကြောင်း သတင်းတွေမှာ ဖော်ပြကြတာပါ။

အမေရိကန်၊ ဥရောပသမဂ္ဂ EU နဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO တို့အားလုံးက စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီးအခြေအနေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာအောင် ဆောင်ရွက်ဖို့ ရုရှားအား တိုက်တွန်းခဲ့ကြပါတယ်။

ရောဂါ ပျံ့နှံ့နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာ သေဆုံးသူ အမျိုးသမီးနဲ့ ထိတွေ့ခဲ့ဖွယ်ရှိတဲ့ လူ၂၀၀ လောက်ကို ရက်များစွာကြာ ရောဂါခြေချုပ် အသွားအလာ ကန့်သတ် နေထိုင်ခဲ့ရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.