ဆိုးလ်၊ အောက်တိုဘာ ၇
သမ္မတ ဗလာဒီမာ ပူတင်ရဲ့ မွေးနေ့အတွက် ပေးပို့လိုက်တဲ့ စာတစ်စောင်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရုရှားအတွက် မပြောင်းလဲနိုင်တဲ့ ကူညီ ထောက်ခံမှုပေးသွားမှာ ဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။
ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားစစ်ပွဲကိုလည်း ကင်ဂျုံအန်က အလေးအမြတ် ထားစရာအဖြစ် ကြိုဆိုဂုဏ်ပြုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၇ ရက်မှာ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်က ယူကရိန်းကို ရုရှား ကျူးကျော် တိုက်ခိုက်မှု စတင်ခဲ့ပြီး နောက်ပိုင်း မြောက်ကိုရီးယားဟာ ကရင်မလင် နန်းတော်ရဲ့ အဓိက မဟာမိတ် တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
စီးပွားရေး အကျိုးကျေးဇူးတွေနဲ့ စစ်ရေး နည်းပညာတွေ ပြန်လည် ရရှိရေး မြောက်ကိုရီးယားက မော်စကိုရဲ့ စစ်ပွဲအတွက် ကြိုးပမ်းမှုကို ကူညီဖို့ စစ်သားတွေ စေလွှတ်ပေးခဲ့ပါတယ်။
စစ်ပွဲအတွင်း သေဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သား အရေအတွက် ၂၀၀၀ လောက်ရှိပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့နှစ်က ခန့်မှန်းခဲ့ပါတယ်။
မကြာသေးခင်က လေ့လာမှုမှာ စစ်ပွဲအတွင်း သေဆုံးသွားတာနဲ့ ထိခိုက်ဒဏ်ရာရှိတဲ့ မြောကိုရီးယား စစ်သား ၆၀၀၀ လောက်ရှိပြီလို့လည်း ဆိုပါတယ်။
ပူတင်နဲ့ ကောင်းမွန်တဲ့ ခင်မင်ရင်းနီးမှုရှိလို့ မိမိအနေနဲ့ ဝမ်းမြောက်မိကြောင်း ကင်ဂျုံအန်က ပူတင် မွေးနေ့အတွက် ပေးပို့တဲ့ စာမှာ ရေးသားထားတယ်လို့ နိုင်ငံပိုင် Korean Central News Agency က ဖော်ပြထားပါတယ်။
မိမိတို့နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးလာစေဖို့ ကဏ္ဍသစ် တစ်ခု ပွင့်သွားစေကြောင်းလည်း ကင်ဂျုံအန်က ရေးပါတယ်။
ရုရှား ပြည်သူတွေရဲ့ အလေးအမြတ်ထားရမယ့် တရားသော စစ်ပွဲဟာ အောင်မြင်မှုနဲ့ အဆုံးသတ်မယ်လို့ မိမိအနေနဲ့ အခိုင်အမာ ယုံကြည်ထားကြောင်းလည်း ကင်ဂျုံအန်က ပြောပါတယ်။
သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သားနှစ်ဦးအား တောင်ကိုရီးယား ထိန်းသိမ်းမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် တောင်ကိုရီးယား အစိုးရနဲ့ ယူကရိန်းကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန် ကင်ဂျုံအန်ရဲ့ စာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီလို ထုတ်ဖော်ပြောဆိုမှုကို ဆိုးလ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး အဲဒီ အစီအစဉ်ကို လျှို့ဝှက်ထားရမှာ ဖြစ်တယ်လို့ တုံံ့ပြန်ပါတယ်။ ဒီလို အခြေအနေကြောင့် လက်နက်ခဲယမ်းများတွေ ထောက်ပံ့ပေးရေး ယူကရိန်းရဲ့ တောင်းဆိုမှုတွေကို ရှုပ်ထွေးသွားစေခဲ့ပါတယ်။
စစ်ဖြစ်နေတဲ့ နိုင်ငံတွေအတွက် စစ်ရေး အကူအညီ ပေးမှုကို ပြည်တွင်းမှာ တားမြစ်ထားတာကြောင့် တောင်ကိုရီးယားက ယူကရိန်းသို့ သေစေနိုင်တဲ့ လက်နက်တွေ အခုအထိ မပို့ပေးပါဘူး။
ယူကရိန်း စစ်ပွဲအတွင်း ရုရှားကို ကူညီပေးဖို့ မြောက်ကိုရီးယားက နောက်ထပ် စစ်သားတွေ စေလွှတ်တော့မှာ ဖြစ်ကြောင်း ဇီလန်စကီးက ပြောဆိုထားပါတယ်။
Ref:AFP

