လောင်းလုံး အောက်တိုဘာ ၆
တနင်္သာရီတိုင်း လောင်းလုံးမြိုနယ် ညှင်းမော်နဲ့ကဒက်ငယ်ထိန်ကျေးရွာတို့မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းကစလို့ လောင်းလုံးမြို့ပေါ်ကတဆင့် အင်အား ၂၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်ဟာ ညှင်းမော်နဲ့ကဒက်ငယ်ထိန်ကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။
စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တာ၊ ပေါ်တာဆွဲတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်တပ် စစ်ကြောင်းကြောင့် ညှင်းမော်၊ ကဒက်ငယ်ထိန်၊ ဂေါ့အင်း၊ နှဲတော၊ ကဒက်ထိန်ကြီးနဲ့အောက်ရေဖြူကျေးရွာတို့က ဒေသခံ ၃၀၀၀ ထက်မနည်း ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းဟာ ညှင်းမော်နဲ့ကဒက်ငယ်ထိန်ကျေးရွာမှာ တပ်စွဲထားပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ဝေဒီ၊ မဂျောမော်နဲ့ကူးဇရပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦးအပါအဝင် အရပ်သား ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားပါတယ်။
ရေကြီးမြေပြိုမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားနေရတဲ့ လောင်းလုံးမြို့နယ်က ဒေသခံပြည်သူတွေဟာ စားနပ်ရိက္ခာအပါအဝင် သောက်သုံးရေကအစ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

