မကွေး အောက်တိုဘာ ၅
မကွေးတိုင်း၊ မြိုင်မြို့နယ်က ဝက်ပုတ်ကျေးရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ မြေကျင်း ၂ ခုအတွင်းကနေ ပြည်သူ ၁၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း-မြိုင်က အောက်တိုဘာ ၄ ရက်မှာထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စက်မှု (၂) ကနေ ဝဲတူးဘက်ကို ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇွန် ၉ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ အဲဒီစစ်ကြောင်းဟာ ဂွေးကုန်းရွာအရှေ့ဘက်ကို ရောက်ရှိလာပြီး ဂွေးကုန်းရွာက ပြည်သူ ၉ ဦး၊ မကျီးကုန်းရွာက ၁ ဦး၊ သံချောင်းရွာက ၁ ဦးနဲ့ မကျည်းကန်ရွာက ၁ ဦး၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အဲဒီပြည်သူ ၁၂ ဦးကို ဇွန် ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်လောက်မှာ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကိုတော့ ဝက်ပုတ်ရွာအတွင်းကနေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်စုစာအုပ်တွေထဲမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ ဝက်ပုတ်ပျူစောထီးစခန်းကို သိမ်းပိုက်ပြီးနောက် ရွာအတွင်း ဝင်ရောက်ရှင်းလင်းနိုင်တဲ့အချိန်ကစပြီး အဲဒီဖမ်းဆီးခံပြည်သူတွေရဲ့ အလောင်းတွေကို ဒေသခံတွေက လိုက်လံရှာဖွေနေခဲ့တာပါ။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်မှာတော့ မှိုရှာဖို့သွားတဲ့ ဒေသခံရွာသားတစ်ဦးက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေ့ရှိခဲ့တာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကဆက်လက်ရှာဖွေခဲ့ပါတယ်။
ရှာဖွေမှုအတွင်း မြေကျင်း ၂ ခုထဲကနေ အလောင်း ၁၂ လောင်းကို တွေ့ရှိခဲ့ပြီး အလောင်းတွေနဲ့အတူ မှတ်ပုံတင်၊ ကျောင်းသားကတ်နဲ့ မွေးစာရင်းဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအထောက်အထားတွေအရ တွေ့ရှိခဲ့တဲ့ အလောင်းတွေဟာ ၂၀၂၃ ခုနှစ် ဇွန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂွေးကုန်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလူ ၁၂ ဦးကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့တဲ့ ဖြစ်စဉ်မှာတော့ ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ အဲဒီအချိန်က ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ ဗိုလ်ဘိုဖြူတို့က ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

