မော်လမြိုင် ၊ အောက်တိုဘာ ၅
မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရတနာမြို့သစ်စီမံကိန်းမှာ မြေကွက်ရရှိထားတဲ့သူတွေအနေနဲ့ ၂ နှစ်အတွင်း အိမ်မဆောက်ရင် မြေကွက်ပြန်သိမ်းမယ်လို့ စစ်တပ်အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ကြေညာလာပါတယ်။
စစ်အစိုးရရဲ့ ကြေညာချက်အရ လှိုင်ရတနာမြို့သစ်စီမံကိန်းမှာ မြေပေးမိန့်နဲ့မြေငှားဂရန် ရရှိထားတဲ့သူတွေအနေနဲ့ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ခြံစည်းရိုး အပြီးကာရံရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ နေအိမ်တွေ အပြီးသတ်ဆောက်လုပ်ရမှာ ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက် မလိုက်နာရင် မြေပေးမိန့်နဲ့မြေငှားဂရန်ထုတ်ပေးထားမှု ပြန်လည်ရုတ်သိမ်းမယ်လို့ သတိပေးထားပါတယ်။
လှိုင်ရတနာ မြို့သစ် မြေကွက် စီမံကိန်းကို အာဏာသိမ်း စစ်တပ်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်က အဲဒီမှာနေထိုင်သူတွေကို ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပြီး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ။
လက်ရှိ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း လက်ထက်မှာလည်း စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေတဲ့အပြင် ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာ ရန်ပုံငွေကို အများဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မွန်စစ်အစိုးရ အဖွဲ့ဟာ တိုက်ရိုက် အသုံးပြုနိုင်တဲ့ ဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၄၇၅၀ ကျော် ရရှိထားပြီး လှိုင်ရတနာ မြို့သစ် မြေကွက် စီမံကိန်းအတွက် ကျပ်သန်းပေါင်း ၉၀၀၀ ဝန်းကျင် အသုံးပြု ထားတာပါ။
လှိုင်ရတနာ မြို့သစ် မြေကွက် စီမံကိန်းကိုတော့ မွန်ပြည်နယ် စစ်အစိုးရနဲ့ ငွေမိုးလုပ်ငန်းစုက ခရိုနီ ဦးမိုးကျော်တို့ ပူးပေါင်းပြီး ဖော်ဆောင်နေတာ ဖြစ်ပြီး လက်ရှိ မြေကွက် တစ်ကွက်ဟာ ကျပ်သိန်း ၈၀၀ ဝန်းကျင်ကနေ ကျပ်သိန်း ၄၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။
လှိုင်ရတနာ မြို့သစ် မြေကွက်စီမံကိန်းကိုတော့ ဇုန်အလိုက် ဇုန် A ၊ ဇုန် B နဲ့ ဇုန်C ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြား သတ်မှတ်ကာ မြေကွက်ပေါင်း ထောင်နဲ့ချီ ဖော်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

