မော်လမြိုင်၊ အောက်တိုဘာ ၅
မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် တံတား နှစ်စင်းဖြစ်တဲ့ သံလွင်တံတား(မော်လမြိုင်)နဲ့ အတ္တရံတံတား (မော်လမြိုင်)တို့အား တံတားဖွင့်ချိန် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ လွှတ်တော်အတွင်း ဖြေကြားချက်အရ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပေါင်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းခိုင်က သံလွင်တံတား ဖွင့်လှစ်ချိန် တိုးမြှင့်ပေးဖို့ ရှိ မရှိ မေးခွန်းမေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မော်လမြိုင်မြို့အဝင် တံတားနှစ်စင်းကို အောက်တိုဘာ ၅ ရက်နေ့ကစလို့ မနက် ၄ နာရီမှ ည ၉ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။
အရင်က မော်လမြိုင် သံလွင်တံတား နဲ့ အတ္တရံတံတားတို့ကို အာဏာသိမ်း စစ်တပ်က လုံခြုံရေး အကြောင်းပြချက်နဲ့ မနက် ၅ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကုန်သွယ်ရေးအရ အလွန်အရေးပါတဲ့ မော်လမြိုင်မြို့ဝင် တံတား နှစ်စင်း ဖွင့်ချိန် တိုးမြှင့်ပေးမှုကြောင့် ကုန်သွယ်ရေးအတွက် အထိုက်အလျောက် အဆင်ပြေမှုတွေ ရှိလာနိုင်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
သတင်း – သံလွင်တိုင်းမ်

