တပြည်လုံး အလှည့်ကျစနစ်နဲ့ မီးပြန်ပေးမယ်

မော်လမြိုင် အောက်တိုဘာ ၄

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေးစနစ်ပိုင်းမှာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလှည့်ကျစနစ်နဲ့ အောက်တိုဘာ ၅ ရက်ကစလို့ မီးပြန်ပေးသွားမယ် လို့ စစ်အစိုးရလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၄ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်အရ လက်ရှိမှာ ဓာတ်အားစနစ်အတွင်း ချို့ယွင်းမှုတွေ ဖြစ်ပေါ်နေပြီး ဓာတ်အားလိုအပ်ချက်နဲ့ ထုတ်လုပ်ပေးနိုင်မှု မညီမျှသေးတာကြောင့် System Breakdown မဖြစ်အောင် ထိန်းညှိလုပ်ဆောင်နေရတယ် လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေကို တပြိုင်နက်တည်း မီးအပြည့်အဝပေးနိုင်မယ့် အခြေအနေ မရှိသေးတဲ့အတွက် တစ်နိုင်ငံလုံးမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးသွားမယ် လို့ အသိပေးထားတာပါ။

တာဝန်ရှိသူတွေကတော့ စနစ်ပြန်လည်တည်ငြိမ်လာစေဖို့ အချိန်နှင့်တပြေးညီ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေပြီး ဓာတ်အားပြန်လည်ပုံမှန်ရရှိရေးအတွက် ဆောင်ရွက်နေတယ် လို့လည်း ဖော်ပြထားပါတယ်။

အခုလို အလှည့်ကျမီးပေးစနစ်ကို ကျင့်သုံးရတာဟာ လျှပ်စစ်ဓာတ်အားစနစ်တစ်ခုလုံး ထပ်မံပြိုကွဲသွားတာမျိုး မဖြစ်အောင် ကြိုတင်ထိန်းညှိတဲ့ အစီအစဉ်တစ်ခု လို့ နားလည်ရပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့နဲ့ လိုအပ်သလို လျှပ်စစ်အသုံးပြုမှုကို ချွေတာပေးကြဖို့ လည်း မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာ မုတ်သုန်လေ ဆုတ်ခွာပြီး မိုးရာသီကုန်ဆုံးကာ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် နိုင်ငံအတွင်း အပူချိန်တွေ ပုံမှန်ထက် မြင့်တက်လာပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုများလာတာနဲ့အမျှ ဓာတ်အားလိုအပ်ချက်လည်း မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လတ်တလောကာလမှာတော့ မွန်ပြည်နယ် မြို့တော်အပါအဝင် ဒေသတွင်းမှာ လျှပ်စစ်မီးဟာ တစ်နေ့ကို ၈ နာရီလောက်သာ ရတော့တဲ့ အခြေအနေဖြစ်ပေါ်နေပြီး နေ့စဉ် လူမှုစီးပွားဘဝတွေ ထိခိုက်နေရတယ်လို့ ပြည်သူတွေက ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.