နေပြည်တော် ၊ အောက်တိုဘာ ၄

အာဏာသိမ်းမှု ငါးနှစ်ကျော်အတွင်း အရပ်သား ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP – Myanmar က ထုတ်ပြန်ပါတယ်။

ဖြစ်ရပ်အမျိုးအစားတွေထဲမှာတော့ လက်နက်တမျိုးမျိုးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ၊ မီးရှို့ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် အရပ်သားတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။

ဖြစ်စဉ်တွေထဲက အကြိမ် ၁၁၀ ထက်မနည်းကို စစ်တပ်က ကျူးလွန်ခဲ့ပြီး အရပ် သား ၂,၂၂၇ ဦးထက်မနည်း သေဆုံးခဲ့ရတာပါ။

ဒါ့အပြင် စစ်တပ်နဲ့ သူ့ကို မ‌ထောက်ခံတဲ့ အခြားလက်နက်ကိုင်တွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ် ငါးကြိမ်ရှိပြီး အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ ISP – Myanmar ရဲ့ အချက်အလက်က ဖော်ပြထားတာပါ။

စစ်တပ်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း ကချင်၊ ရခိုင်နဲ့ ကရင် စစ်မျက်နှာတွေမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့သလို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးမြှင့်လာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တပ်ချုပ်အပြောင်းအလဲဖြစ်ပြီး ခြောက်လတာအတွင်း နိုင်ငံတဝန်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၇ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ရတာပါ။ အဲဒီထဲမှာ ၁၁၁ ဦးထက်မနည်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာတင် ၆၄ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တစ်ဘက်မှာ မြေပြိုမှုနဲ့ ရေဘေးသင့်နေတဲ့ ထားဝယ်ဒေသကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း နယ်မြေအများဆုံး လက်လွှတ်ထားရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာရှိတဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲနေတာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေက ပြည်သူတွေ နေလို့မရအောင် ရှင်းတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်နေသလို ငြိမ်းချမ်းရေးစကားဝိုင်းကို လာရောက်ဖို့ ပြည်သူကတဆင့် ဖိအားပေး အကျပ်ကိုင်တာလို့ သုံးသပ်ပါတယ်။

“ဒီပြည်သူတွေရှိနေရင် သူတို့ကို (စစ်တပ်) ဆန့်ကျင်တဲ့ လူတွေ ပေါက်ဖွားနေဦးမယ်ဆိုတဲ့ mindset (စိတ်ဓာတ်ခံယူချက်) သူတို့မှာ ရှိတယ်။ ဒါကြောင့်မို့လို့ သူတို့က ပြည်သူတွေကို အပျောက်ရှင်းချင်တဲ့ ပုံစံမျိုးပဲပေါ့။ အဲဒီဒေသတွေမှာ မနေအောင်လို့ နေမရအောင် ရှင်းတဲ့ ပုံစံမျိုးကို လုပ်တာပေါ့။ နောက်တစ်ခုက ငြိမ်းချမ်းရေးစကားဝိုင်းပေါ်ကို သူတို့က ခေါ်တဲ့အချိန်မှာ ထုံးစံ သူတို့ လုပ်နေကျပဲ။ တစ်ဖက်လက်နဲ့ အဲဒီလိုမျိုး ရက်ရက်စက်စက် တိုက်ခိုက်ဖိအားပေးပြီးတော့ လုပ်တာ အခုလည်း အဲဒီလိုပဲ။ ပြည်သူကတဆင့် ဖိအားပေးပြီး တော်လှန်ရေးအဖွဲ့တွေကို အကျပ်ကိုင်တဲ့ ပုံစံမျိုး လုပ်တာပဲပေါ့”လို့ ဆိုပါတယ်။

စစ်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ထားပြီး တစ်ဖက်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ ဗုံးကြဲနေသလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာပါ။

ISP – Myanmar ကတော့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ စစ်ရေးတင်းမာနေတဲ့ နယ်မြေတွေမှာရှိတဲ့ အရပ်သားတွေဟာ ထိခိုက်နိုင်ခြေအန္တရာယ် အမြင့်ဆုံးရှိနေတယ်လို့ ဆိုပါတယ်။

အရပ်သားနေအိမ်တွေအပြင် သာသနိကအဆောက်အအုံတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေပါ ပစ်မှတ်ထားခံနေရလို့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် ကာကွယ်မှုပေးနိုင်စွမ်း အဆိုးရွားဆုံး နိမ့်ကျနေတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် စစ်အနိုင်ရလိုတဲ့ ရည်မှန်းချက်နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာရှိတဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထားတာဟာ ကျူးလွန်ခံရသူတွေသာမက ကျူးလွန်သူတွေအပေါ်မှာလည်း ဆိုးကျိုးရှိစေတယ်လို့ ဆိုပါတယ်။

အဲဒီလို ပစ်မှတ်ထားတိုက်ခိုက်လို့ အရပ်သားသေဆုံးမှုဦးရေနဲ့ အိုးအိမ်ဖျက်ဆီးခံရမှုတွေလည်း မြင့်မားလာပြီး ကျူးလွန်တဲ့အဖွဲ့အစည်းတွေကလည်း စစ်ရာဇဝတ်ကျူးလွန်မှုမှတ်တမ်း ပိုများလာနိုင်တယ်လို့ ISP – Myanmar က သတိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.