ကွာလာလမ်ပူ အောက်တိုဘာ ၃
မလေးရှားနိုင်ငံမှာ အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်းမှာ စစ်ဆင်ရေးပေါင်း ၁၀,၃၇၄ ကြိမ် ပြုလုပ်ခဲ့ပြီး တရားမဝင် နိုင်ငံခြားသား ၃၇,၃၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီး ဒါတွတ် စရီ ဆိုင်ဖူဒင် နူဆူရှင် အစ္စမေးလ်က ပြောပါတယ်။
ဒီကာလအတွင်း မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန တို့ ပူးပေါင်းပြီး စီးနင်းရှာဖွေမှုနဲ့ မြေပြင်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ရာ လူပေါင်း ၁၃၇,၆၀၃ ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးက တရားမဝင် နိုင်ငံခြားသားပြဿနာကို ဖြေရှင်းနိုင်ဖို့ အဲဒီဌာနနှစ်ခုတို့က နေ့စဉ်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။ ဒီပြဿနာဟာ အရင်က အုပ်ချုပ်ရေးစနစ်အတွင်း အားနည်းချက်တွေနဲ့ လစ်ဟာမှုတွေကြောင့် အချိန်ကြာမြင့်စွာ တည်ရှိလာခဲ့တဲ့ ပြဿနာတစ်ခုလို့လည်း သူက ဆိုပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားတာ၊ ကာကွယ်ပေးထားတာနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေအတွက် အလုပ်ရှင် ၁,၈၀၉ ဦးကိုလည်း ဖမ်းဆီးထားပြီး အဲဒီအထဲက ၁,၆၉၂ ဦးဟာ မလေးရှားနိုင်ငံသားတွေ ဖြစ်ပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကိုပဲ အရေးယူတာမျိုး မလုပ်သင့်ဘဲ သူတို့ကို အလုပ်ခန့်ထားသူတွေ၊ ကာကွယ်ပေးထားသူတွေနဲ့ သူတို့ရဲ့ အခြေအနေကို အခွင့်ကောင်းယူ အမြတ်ထုတ်သူတွေကိုပါ အရေးယူရမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတဲ့ အလုပ်ရှင်အရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ ၃၄၆ ဦး၊ ၂၀၂၄ ခုနှစ်မှာ ၁,၈၅၉ ဦးနဲ့ ၂၀၂၅ ခုနှစ်မှာ ၂,၂၀၂ ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ဖြစ်စေ၊ လည်ပတ်ဖို့ဖြစ်စေ လာရောက်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ တရားဝင်လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်ပြီး နယ်စပ်တရားမဝင် ဖြတ်ကျော်ဝင်ရောက်တာ၊ စာရွက်စာတမ်းအတု ပြုလုပ်တာနဲ့ နေထိုင်ခွင့်သက်တမ်းကျော်လွန် နေထိုင်တာမျိုး မလုပ်ဖို့လည်း သတိပေးထားပါတယ်။
အလွယ်တကူ အမြတ်ရရှိဖို့အတွက် တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်တာ ဒါမှမဟုတ် ကာကွယ်ပေးထားတာ မလုပ်ကြဖို့ မလေးရှား အလုပ်ရှင်တွေကိုလည်း ဝန်ကြီးက သတိပေးထားပါတယ်။
တရားမဝင် နိုင်ငံခြားသားပြဿနာဟာ လူဝင်မှုကြီးကြပ်ရေးဌာနတစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာမဟုတ်ဘဲ နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ လူမှုရေးစနစ်အပေါ်ပါ သက်ရောက်မှုရှိတယ်လို့ ဝန်ကြီး အစ္စမေးလ်က ပြောပါတယ်။
ဒါကြောင့် မလေးရှားနိုင်ငံတဝန်းက တရားမဝင် နိုင်ငံခြားသားတွေအပေါ် စစ်ဆင်ရေးတွေကို နေ့စဉ်မပြတ် ဆက်လက်ပြုလုပ်သွားဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
Ref:Bernama

