မော်လမြိုင် ၊ အောက်တိုဘာ ၄

မွန်ပြည်နယ်မှာ မွေးမြူရေး လုပ်ငန်းသုံး အစာနဲ့ ဆေးဝါးအပြင် ကုန်ကြမ်း ပစ္စည်းစရိတ်တွေ အဆမတန် ထပ်မံမြင့်တက် လာမှုကြောင့် မွေးမြူရေးလုပ်ငန်း အများစု ရပ်နားရဖို့ ရှိလာတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းတွေဟာ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရရဲ့ သွင်ကုန် လိုင်စင် တင်းကျပ် ကန့်သတ်မှုတွေကြောင့် ဒေသတွင်းမှာ ကုန်ကြမ်း အလုံအလောက် ဝင်ရောက်မှု မရှိတဲ့အတွက် ဈေးနှုန်း ထပ်မံ မြင့်တက် လာတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံကနေ ဒေသတွင်း ဝင်ရောက်လာတဲ့ မွေးမြူရေးသုံး ကုန်ကြမ်းတွေကိုလည်း စစ်အစိုးရက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးနေတာကြောင့် ကုန်ကြမ်း ဝင်ရောက်မှု ရပ်တန့်ပြီး ပစ္စည်းတချို့ ပြတ်လပ်ကာ ဈေးနှုန်း အဆမတန် မြင့်တက် လာတာ ဖြစ်ပါတယ်။

မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး ကတော့ မွေးမြူရေး ကုန်ကြမ်း ပစ္စည်းတွေဟာ စစ်အစိုးရရဲ့ သွင်းကုန် ပါမစ် တင်းကျပ်မှုကြောင့် ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကျော် ထပ်မံ မြင့်တက်လာသလို အရင်းအနှီးများပြီး အကျိုးအမြတ် နည်းလာတာကြောင့် မွေးမြူရေးသမားတွေ လျော့နည်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဈေးတွေကတော့ တက်လာတယ်။ အစာနဲ့ ပတ်သက်တဲ့ ကုန်ကြမ်းတွေ ဆေးဝါးတွေက သွင်းခွင့်တွေ ခက်ခဲလာတယ်။ သွင်းခွင့် ပါမစ်တွေ သွင်းကုန် ပါမစ်တွေ ခက်ခဲလာတဲ့အတွက် ဈေးကလေ တော်တော်လေး တက်သွားတယ်။ ၃၀ ရာခိုင်နှုန်း အထက်လောက်တော့ တက်လာတာပေါ့။အရင်းအနှီးက တအားများပြီးတော့ အကျိုးအမြတ်က နည်းလာတော့ မွေးမြူရေး သမားတွေလည်း လျော့သွားတယ်။သူတို့ ရှင်သန်းဖို့လည်း တအား ခက်ခဲလာတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် မွေးမြူရေး လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်း ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင် ကာလနဲ့ နှိုင်းယှဉ်ပါက ၁၂ ဆကျော် မြင့်တက် လာတာ ဖြစ်သလို အရင်လိုလည်း လွယ်လွယ်ကူကူ တင်သွင်းလို့ မရတာကြောင့် ရပ်တည်ဖို့ ခက်ခဲ လာတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မွေးမြူရေး လုပ်ငန်းရှင် နောက်တစ်ဦးကလည်း မွေးမြူရေး ကုန်ကြမ်း ဈေးနှုန်းတွေ ထိုးတက်လာတာကြောင့် မကြာမီ ကာလ အတွင်း လုပ်ငန်း အားလုံး ရပ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင် နေရပြီး ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွေးမြူရေး သမားတွေ အဆင်မပြေဘူး။ ဘယ်လိုကြောင့် ဈေးတွေ ဒီလောက် ထိုးတက်လာလည်း မသိတော့ဘူး။ ထွက်ပြေးချင်စိတ်တောင် ပေါက်လာပြီ။ ရင်းထားပြီးတော့ အဆင်မပြေဘူး။ လုံးဝ ငွေမကျန်ဘူးပေါ့။ နောက်လ ကျန်မလားပေါ့။ ဈေးပြန်ကျမလား စောင့်ကြည့်ပေါ့၊ ဈေးထပ် မကျဘူး၊ သုံးလ လေးလလောက် ငွေမကျန်ဘူးဆိုရင် ဒီလုပ်ငန်းတွေက အားလုံး ရပ်ပစ်ရမှာ ကိုယ်တစ်ဦး တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ အကုန်လုံး လျော့ချနေပြီးလေ” လို့ ဆိုပါတယ်။

လက်ရှိ မွေးမြူရေးသမားတွေ ကြုံတွေ့ နေရတဲ့ မွေးမြူရေးသုံး ကုန်ကြမ်း ပစ္စည်း အခက်အခဲကို သက်ဆိုင်ရာ အစိုးရကို တင်ပြပေမယ့် ကူညီ ဆောင်ရွက်ပေးတာ မရှိသလို တက်နိုင်ရင်မွေး မတက်နိုင်ရင် မမွေးနဲ့ ဆိုတဲ့ ပုံစံ လျစ်လျူရှု ထားတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ကတော့ ဒေသတွင်း မွေးမြူရေး ထုတ်ကုန်တွေကို တိုးတက် ထုတ်လုပ်ဖို့ ဆိုပြီး အောက်တိုဘာ ၃ ရက်နေ့က ပေါင်မြို့နယ်ရှိ ကြက်မွေးမြူရေးခြံကို သွားရောက် ကြည့်ရှုစဉ် ညွှန်ကြားခဲ့တာပါ။

ဒါ့အပြင် မွေးမြူရေး ထုတ်ကုန် တွေကိုလည်း ဈေးကွက်အတွင်း သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ စားသုံးသူတွေ ဆီကို ဖြန့်ဖြူး ရောင်းချ ပေးနိုင်ရေး အတွက် အလေးထား ဆောင်ရွက်ဖို့ ကိုလည်း ညွှန်ကြားခဲ့ပါသေးတယ်။

မြေပြင် အခြေအနေမှာတော့ မွေးမြူရေး လုပ်ငန်း တွေဟာ သွင်းအားစု စရိတ် အဆမတန် ကြီးမြင့်တာ၊ ဆေးဝါးနဲ့ အထွေထွေ ကုန်ကျ စရိတ် မြင့်မားတာ၊ သယ်ယူပို့ဆောင်ရေး စရိတ် မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားတဲ့အတွက် မွေးမြူရေး လုပ်ငန်းတွေကို လျော့ချ လုပ်ကိုင်မှု များလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေး လုပ်ငန်းတွေအနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတာ ဖြစ်ပြီး ဆိတ်၊ နွားနဲ့ ငုံး မွေးမြူရေး လုပ်ငန်းတွေကိုတော့ တစ်နိုင်တစ်ပိုင် မွေးမြူကြတာ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.