မော်လမြိုင် ၊ အောက်တိုဘာ ၆
မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အယောင်ပြလောက်သာ ရွေးချယ်ခဲ့တဲ့အပေါ် အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။
အဆိုအနေနဲ့ မွန်ပြည်နယ်အတွင်း နယ်မြေ အခြေအနေ တည်ငြိမ် အေးချမ်းလျက်ရှိတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အားလုံးမှာ အုပ်ချုပ်ရေးမှူးတွေကို နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်း တည်ဆဲ ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ အချိန်နဲ့ တပြေးညီ ရွေးချယ် ခန့်အပ်ပေးဖို့ ဖြစ်ပါတယ်။
ဒီအဆိုကိုတော့ ကျိုက်ထိုမြို့နယ် အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်ထူးက တင်သွင်း ခဲ့တာ ဖြစ်ပြီး အဆိုကို မွန်ပြည်နယ် လွှတ်တော်ရှိ ပြည်နယ် အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ကိုယ်စား တင်သွင်း ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုရှင်က ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ အစည်းအဝေးမှာ ကိုယ်စားလှယ် တစ်ဦးက ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် တင်မြှောက်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပေမယ့် အစိုးရဘက်က ဥပဒေနဲ့အညီ စိစစ်ရွေးချယ်သွားမယ်လို့ ဖြေကြားခဲ့ပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဆောင်ရွက်မလဲဆိုတာကို လွှတ်တော်အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရပါဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြုလုပ်ခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် တတိယ အစည်းအဝေးမှာလည်း ကိုယ်စားလှယ် တစ်ဦးက ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းခဲ့ပေမယ့် အစိုးရဘက်ကတော့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အနက် ဆက်လက် တာဝန် ပေးအပ်သင့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်လက် တာဝန်ပေးအပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီအပြင် ပြန်လည် ရွေးချယ်ဖို့ လိုအပ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့ အညီ အသစ်ပြန်လည် ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့သလို လုံခြုံရေး ကောင်းမွန်မှု မရှိတဲ့ နေရာတွေမှာ ရပ်ကျေး ဥပဒေအတိုင်း တာဝန် ပေးအပ်သွားမှာ ဖြစ်ကာ လုံခြုံရေး ကောင်းမွန်တဲ့ နေရာတွေမှာတော့ ရပ်ကျေး ဥပဒေနဲ့ အညီ စိစစ်ရွေးချယ် သွားမယ်လို့ လွှတ်တော်မှာ ကတိပြုခဲ့တာပါ။
လက်ရှိမှာတော့ လွှတ်တော်ရဲ့ လေ့လာသုံးသပ်ချက်အရ မွန်ပြည်နယ်အတွင်း လုံခြုံရေး ကောင်းမွန်ပြီး အုပ်ချုပ်ရေးမှူး ရွေးချယ် ဆောင်ရွက်နိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး သက်တမ်း နှစ်ဆက် တာဝန် ထမ်းဆောင်ပြီး ဖြစ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာသာ အုပ်ချုပ်ရေးမှူး ပြန်ရွေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေး ကောင်းမွန်မှု မရှိလို့ အုပ်ချုပ်ရေးမှူး ရွေးချယ် ခန့်အပ်တာတွေ မလုပ်နိုင်တာ သဘာဝ ကျပေမယ့် အုပ်ချုပ်ရေးမှူး ရွေးချယ် ခန့်ထားခြင်း မလုပ်လိုတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေအတွက်တော့ အကြောင်းပြတဲ့ အကြောင်းပြချက် တစ်ခုဖြစ်မလာစေဖို့ သတိပြုရမယ်လို့ အဆိုရှင်က ထောက်ပြထားပါတယ်။
အကြောင်းပြချက် အမျိုးမျိုးနဲ့ အုပ်ချုပ်ရေးမှူး မရွေးချယ်ဘဲ ရှိမြဲတိုင်း ဆက်လက် ခန့်ထားလို့ ရတယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့် တချို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာ လူထု လက်မခံတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်လို့ တစ်စုံတစ်ယောက်က ထောက်ပြပြောဆိုတဲ့အခါ လုပ်ပိုင်ခွင့် မူဘောင် အပြင်ကနေ ပရမ်းပတာ တုံ့ပြန် လာတာမျိုးတွေလည်း မြင့်တွေ့ လာရတယ်လို့ ဆိုပါတယ်။
လက်ရှိ အုပ်ချုပ်ရေးမှူး ရွေးချယ် ခန့်ထားခြင်းတွေကို လုပ်သင့်လျက်နဲ့ လုပ်နိုင်လျက်နဲ့ မလုပ်တဲ့အခါမှာ ရပ်ရွာလူထုအကျိုး တကယ် ဆောင်ရွက်လိုစိတ် ရှိပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရပ်ရွာအတွက် တာဝန်ထမ်းဆောင်ခွင့် မရတော့တာကြောင့် ရပ်ရွာအတွက် နစ်နာမှု ရှိတယ်လို့ မင်းအောင်ထူးက ထောက်ပြပါတယ်။
မွန်ပြည်နယ်မှာတော့ မြို့နယ် ၁၀ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၁၀၆ ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၃၆၇ အုပ်စု၊ ကျေးရွာပေါင်း ၁၁၄၃ ရွာ ရှိပြီး ဘီးလင်းမြို့နယ် ဘောနောခီးကျေးရွာအုပ်စု တစ်ခုသာလျှင် KNU တပ်မဟာ ၅ စိုးမိုးထားတဲ့အတွက် အုပ်ချုပ်ရေးမှူး မခန့်အပ်နိုင်တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် စစ်အစိုးရက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

