နေပြည်တော် ၊ အောက်တိုဘာ ၆
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ အကျုံးဝင်သူတွေကို မခေါ်ယူဘဲ လမ်းမှာတွေ့တဲ့သူကို ဖမ်းဆီးပြီး အစားထိုးခေါ်ယူမှုတွေကြောင့် အထောက်အထားအတု ပြုလုပ်ရာမှာ ဌာနဆိုင်ရာတွေ ပါဝင်နေတယ်လို့ စစ်အစိုးရခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ထုတ်ပြောလာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုအတွင်း စစ်မှုထမ်းအတွက် မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို အတုလုပ်တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့တာပါ။
လက်ရှိ စစ်မှုထမ်းဆင့်ခေါ်တဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်တဲ့သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာက သူတွေကို မခေါ်ယူဘဲ အခြား ကျေရွာက လာတဲ့ သူတွေကို ငွေကြေးနဲ့ ခေါ်ယူတာရှိသလို တချို့ကို ဖမ်းဆီးပြီး ခေါ် ယူနေတယ်လို့ ဆိုပါတယ်။
ဒီအတွက် သူတို့ရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုဇယားရှိပြီးသားဖြစ်ပေမယ့် စစ်မှုထမ်းဖို့ ဆန္ဒမရှိတာကြောင့် အထောက်အထားမရှိဘူးလို့ ငြင်းဆိုတဲ့အခါ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေက နီးစပ်ရာ အိမ်ထောင်စုဇယားတွေမှာ ထည့်သွင်းပေးတယ်လို့ ပြောပါတယ်။
အဲဒီကနေ စာရွက်စာတမ်းအတုတွေ ပြန်လည်ထုတ်ယူရာမှာ သက်ဆိုင်ရာ မြို့နယ်တွေမှာ ဖွဲ့စည်းပေးထားတဲ့ ငါးဦးကော်မတီကို အသုံးချပြီး အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ အသက်ပြည့်သူတွေအဖြစ် စာရင်းသွင်းကာ စစ်မှုထမ်းထဲ ထည့်သွင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။
ငါးဦးကော်မတီဟာ စစ်ဘေး၊ သဘာဝဘေးတွေကြောင့် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိတော့ဘဲ ရွှေ့ပြောင်းနေထိုင်နေရတဲ့ နိုင်ငံသားတွေအတွက် စာရွက်စာတမ်း အထောက်အထားတွေ ပြန်လည်ရရှိစေဖို့ ဖွဲ့စည်းထားတာပါ။
စစ်မှုထမ်းအတွက် စာရွက်စာတမ်းအတုတွေကို ပြုလုပ်ပေးတဲ့ထဲမှာ ပြည်ထဲရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ စီမံကိန်း၊ ကျန်းမာရေးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ ပါဝင်နေတယ်လို့ ဦးမြင့်ကြိုင်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား မရှိတဲ့ လမ်းပေါ်က တွေ့တဲ့သူတွေကို စာရွက်စာတမ်းအတုတွေ ပြုလုပ်ပြီး စစ်မှုထမ်းအဖြစ် ထည့်သွင်းခြင်း မပြုလုပ်ဖို့ကိုလည်း သူက မေတ္တာရပ်ခံထားတာပါ။
ပြည်သူတွေ ပူးပေါင်းပါဝင်မှုမရှိတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဟာ ညွှန်ကြားချက်အတိုင်း လူဦးရေပြည့်မီအောင် လုပ်နေရတဲ့အတွက် အောက်ခြေမှာ ဒီလိုမျိုး ပြဿနာတွေ ရှိနေမှာပဲလို့ မွန်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူဦးရေပြည့်မီအောင် အောက်ခြေမှာက လုပ်တဲ့လူတွေက နားလည်မှုတွေရော နားမလည်မှုတွေရော ညှိနှိုင်းမှုတွေရော ဟုတ်တာရော မဟုတ်တာရော ရောပြီးတော့ ဖြစ်သွားတော့ အဲဒီအနေအထားဖြစ်တယ်။ အဓိကတော့ ပြည်သူပူးပေါင်းပါဝင်မှု မရှိတဲ့ အလုပ်ကိစ္စဆိုတာ ဒီလိုမျိုး ပြဿနာ အခက်အခဲတွေ ဖြစ်နေမှာပဲ။ ဥပဒေအတိုင်း လုပ်တယ်လို့ ပြောပေမယ့်လည်း မြေပြင်မှာ ဥပဒေအတိုင်း မဖြစ်နေဘူးပေါ့နော်။ ဥပဒေအတိုင်း ဖြစ်ပြန်ရင်လည်း လက်ရှိ လူငယ်တွေက စစ်မှုထမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်း မထမ်းချင်ကြဘူး။ အဲဒီလိုပဲ အောက်ခြေမှာ ပြဿနာတွေတော့ ရှိနေမှာပဲ”လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ဒီကနေ့အထိ ကြည်း၊ရေ၊လေ ပေါင်းစပ်အားနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်အနေနဲ့ မြေပြင်တိုက်ခိုက်ရေးအင်အား လိုအပ်ချက် မြင့်မားနေဆဲဖြစ်ပါတယ်။
ဒီအတွက် အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး စစ်မှုထမ်းတပ်သားတွေကို ခေါ်ယူတဲ့နေရာမှာ ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း အကျုံးဝင်သူတွေကို ဆင့်ခေါ်တာ၊ မဲနှိုက်ရွေးချယ်တာ၊ လူအစားထိုးတာတွေနဲ့ ပြန်ပေးဆွဲတာတွေအထိ ဖြစ်လာတာပါ။
လူငယ်တွေကလည်း စစ်တပ်ရဲ့ လူလှိုင်းစစ်ဆင်ရေးထဲ မကျရောက်ဖို့ ပြည်ပနိုင်ငံတွေကို ရတဲ့ နည်းလမ်းတွေနဲ့ ထွက်ခွာတာ၊ လွတ်မြောက်နယ်မြေတွေမှာ တိမ်းရှောင်တာ၊ ငွေကြေးနဲ့ ဖြေရှင်းတာ လူအစားထိုးတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။
ဒါကြောင့် စစ်အစိုးရရဲ့ လက်အောက်ခံ စစ်တပ်၊ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက သတ်မှတ်အင်အားပြည့်မီရေး ဥပဒေအရ ဆင့်ခေါ်တဲ့အပြင် အတင်းအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းအတွက် လူအစားထိုး ရောင်းဝယ်မှုတွေကလည်း ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။
လူဖမ်းပွဲတွေဟာ မြို့ပေါ်ရပ်ကွက်ကအစ ကျေးရွာတွေအဆုံး နိုင်ငံတဝန်းမှာ ဖြစ်ပျက်နေပြီး စီးပွားဖြစ် စစ်မှုထမ်းဈေးကွက်မှာ တစ်ဦးကို ကျပ်သိန်း ဆယ်ချီကနေ သိန်းရာကျော်အထိ ဈေးပေါက်နေတယ်လို့ BNI – Myanmar Peace Monitor က ဆိုပါတယ်။
စစ်အစိုးရဘက်က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် အကျုံးဝင်သူ လူဦးရေ အစိပ်အကျဲ၊ နယ်မြေတည်ငြိမ်ရေး လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေအပေါ် အခြေခံတွက်ချက်ပြီး အချိုးကျသတ်မှတ်ဆင့်ခေါ်နေတာလို့ ကာကွယ်ရေးဒုဝန်ကြီးက ပြောဆိုထားတာပါ။
မြေပြင်မှာတော့ အခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ ရန်ကုန်တိုင်းရှိ မြို့နယ် ၃၃ ခုမှာ အရပ်သားလူငယ် ၅၇၀ ကျော်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ကြရပြီး အဲဒီထဲက ထက်ဝက်နီးပါးဟာ တွေ့ရာ ရမ်းသမ်းပြီး ဖမ်းဆီးခံခဲ့ကြရတယ်လို့ Yangon Scout Network ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရတဲ့ အခြေအနေရှိရင် တော်လှန်ရေးနယ်မြေကို ဖြစ်စေ နိုင်ငံခြားကို ဖြစ်စေ အမြန်ဆုံးထွက်ခွာကြဖို့ အကြုံပြုထားတာပါ။
ဒါ့အပြင် ပေါ်တာဆွဲခံရမယ့်အရေးကို ရှောင်ရှားနိုင်ဖို့ တစ်ဦးတည်းသွားလာတာနဲ့ ညဘက်အပြင်ထွက်တာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပြီး မလွဲမရှောင်သာ အဓမ္မ တပ်သားစုဆောင်းခံရရင် အခွင့်သာတဲ့အခါ ထွက်ပြေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

