အရေးပါတဲ့ အိမ်နီးချင်း တရုတ်နဲ့ ဆက်ဆံရေး တည်ငြိမ်စေဖို့ ဂျပန် ဝန်ကြီးချုပ် ကတိပြု

တိုကျို၊ အောက်တိုဘာ ၅

တရုတ်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက အောက်တိုဘာ ၅ ရက် မူဝါဒဆိုင်ရာ မိန့်ခွန်းအတွင်း ပြောကြားပြီး ပြိုင်ဖက် နှစ်နိုင်ငံကြား တည်ငြိမ်တဲ့ ဆက်ဆံရေး ထူထောင်မယ်လို့ ကတိပြုလိုက်ပါတယ်။

ဘေဂျင်းက သူတို့ ပိုင်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် တိုကျိုအနေနဲ့ ကြားဝင် ဖြေရှင်းကောင်း ဖြေရှင်းရလိမ့်မယ်လို့ တာကာအိချီက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ပြောကြားခဲ့ပြီးနောက်ပိုင်း အာရှရဲ့ စီးပွားရေး ထိပ်သီး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး လုံးဝ ဆိုးရွားသွားခဲ့ပါတယ်။

တရုတ်ဟာ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး အခက်အခဲတွေ ရှိနေပေမယ့် နှစ်များကြာတဲ့အထိ ရေရှည် တည်တံ့မယ့် ဆက်ဆံရေး မိမိတို့ လည်ဆောက်ထားကြောင်း ဝန်ကြီးချုပ်က လွှတ်တော်သို့ ပြောပါတယ်။

နှစ်နိုင်ငံ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ အဆက်အသွယ်ရှိဖို့ သေချာအောင် မိမိတို့ လုပ်ဆောင်သွားမှာ ဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားတွေ လုံခြုံစေရေး ဆွေးနွေးမှုကို အားပေးသွားမှာ ဖြစ်ကြောင်း တာကာအိချီက ပြောပါတယ်။

တရုတ်နဲ့ အပြုသဘောဆောင်တဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေး တစ်ရပ် တည်ဆောက်ယူသွားမှာ ဖြစ်မယ်လို့ ဆိုပေမယ့် ဂျပန်အနေနဲ့ မိမိတို့နိုင်ငံရဲ့ သဘောထားရပ်တည်ချက်တွေအတိုင်း မြဲမြဲမြံမြံ ရပ်တည်သွားမှာ ဖြစ်ပြီး တုံ့ပြန်နိုင်တဲ့ အပြုအမူအတွက် အားကောင်းကောင်းနဲ့ တိုက်တွန်းသွားမှာ ဖြစ်ကြောင်း ဖြည့်စွက် ပြောဆိုထားပါတယ်။

နိုင်ငံတော် ပြဿနာ အဆင့်သို့ အရှိန်မြင့်လာနေတဲ့ လူဦးရေ လျော့ကျမှုကို ဖြေရှင်းဖို့ မိမိရဲ့ အစိုးရအဖွဲ့အနေနဲ့ ပြီးပြည့်စုံတဲ့ အစီအစဉ် တစ်ရပ် ရေးဆွဲသွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုပါတယ်။

တာဝန်စယူပြီး တစ်နှစ်အတွင်း ပုံမှန် မဟုတ်တဲ့ မြင့်မားတဲ့ ထောက်ခံမှု ရရှိခဲ့ပေမယ့် ဝန်ကြီးချုပ်ဟာ ငွေဖောင်းပွမှု မြင့်တက်လာတာ၊ ဂျပန်ရဲ့ ပိုများလာတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်တဲ့ ဈေးကွက်ဆိုင်ရာ စိုးရိမ်မှု၊ တရုတ်နဲ့ သံတမန်ရေး အချင်းများမှုတို့ အပါအဝင် စိန်ခေါ်မှုတွေ အများကြီးကို ကျော်လွှားဖို့ ကြိုးပမ်းနေရပါတယ်။

တရုတ် အစိုးရက သူတို့နိုင်ငံသားတွေကို ဂျပန်သို့ ခရီးမသွားဖို့ ပြီးခဲ့တဲ့ နှစ်မှာ သတိပေးခဲ့ပြီး ဂျပန် လုပ်ငန်းတွေဆီ မြေရှားသတ္တု ထောက်ပံ့မှု ကြီးကြီးမားမား လျော့ကျစေခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.