ပဲရစ် စက်တင်ဘာ ၃၀

ပြင်သစ်နိုင်ငံတဝန်း အထက်တန်းကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းသားဆန္ဒပြမှုတွေ စက်တင်ဘာ ၂၉ ရက်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး လူ ၄၄၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လော်ရန်နူနက်က ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အသက်မပြည့်သေးသူတွေဖြစ်ပြီး သုံးပုံနှစ်ပုံခန့်ကို ရဲအချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ပဲရစ်နဲ့ အယ်ဒီဖရန့်စ်ဒေသမှာ စတင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံတဝန်းကို ပျံ့နှံ့လာခဲ့တာပါ။

ကျောင်းသားတွေက စာသင်ခန်းတစ်ခန်းမှာ ကျောင်းသားဦးရေ များလွန်းတာ၊ ဆရာ/ဆရာမ မလုံလောက်တာနဲ့ ပညာရေးအခြေအနေတွေကို မကျေနပ်တာကြောင့် ကျောင်းဝင်ပေါက်တွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြတာပါ။

ပညာရေးဝန်ကြီးဌာနရဲ့အဆိုအရ စက်တင်ဘာ ၂၉ ရက် တစ်ရက်တည်းမှာပဲ ကျောင်းပေါင်း ၄၀၀ ခန့်ဟာ ဆန္ဒပြမှုကြောင့် ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

နေရာ တချို့မှာတော့ ဆန္ဒပြမှုတွေက ရုန်းရင်းဆန်ခတ်မှုတွေအဖြစ် ပြောင်းလဲခဲ့ပြီး အမှိုက်ပုံးတွေကို မီးရှို့တာ၊ ဘတ်စ်ကားမှတ်တိုင်တွေ ပျက်စီးစေတာ၊ ရဲတပ်ဖွဲ့ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးနဲ့ နံပါတ်တုတ်တွေ အသုံးပြု တုံ့ပြန်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီနေ့က ဆရာ/ဆရာမ အနည်းဆုံး ၁၀ ဦး၊ ကျောင်းသား တချို့နဲ့ ရဲတပ်ဖွဲ့ဝင် ၄၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ရက် ရာနီက ရဲတပ်ဖွဲ့ဟာ အင်အားအလွန်အကျွံ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြည်ထဲရေးဝန်ကြီး နူနက်ကတော့ ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုဟာ အခြေအနေနဲ့ လိုက်လျောညီထွေရှိခဲ့တယ်လို့ ပြန်လည် ပြောဆိုပါတယ်။

ပြင်သစ် ပညာရေးဝန်ကြီး အော်ဒိုရက် ဂျက်ဖရေက ကျောင်းသားတွေရဲ့ ဆန္ဒပြခွင့်ဟာ အခြေခံ လွတ်လပ်ခွင့်တစ်ရပ်ဖြစ်တယ်လို့ ပြောပေမယ့် အကြမ်းဖက်လုပ်ရပ်တွေကိုတော့ လက်မခံနိုင်ကြောင်း ပြောထားပါတယ်။

အခု ကျောင်းသားဆန္ဒပြမှုတွေနဲ့ တချိန်တည်းမှာပဲ ဆရာ/ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကလည်း လစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေကို မကျေနပ်တာကြောင့် နိုင်ငံတစ်ဝန်း သပိတ်မှောက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အနည်းဆုံး လူ ၂၀၀,၀၀၀ ပါဝင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.