ဆိုးလ် စက်တင်ဘာ ၃၀

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန် (DMZ) အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိတယ်ဆိုတဲ့ စုံစမ်းတွေ့ရှိချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျုံက ပယ်ချလိုက်ပါတယ်။

အဲဒီ ပေါက်ကွဲမှုဟာ စက်တင်ဘာ ၂၁ ရက်က စစ်မဲ့ဇုန်အတွင်း ကင်းထောက်တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရကာ နှစ်ဦးက ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂန်ရှင်းချောကတော့ မြောက်ကိုရီးယားဘက်က ထောင်ထားတဲ့ မိုင်းကြောင့် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားစစ်တပ်နဲ့ ကုလသမဂ္ဂစစ်ဌာနချုပ် (UNC) တို့ ပူးပေါင်းစုံစမ်းရာမှာ စစ်ရေးနယ်နိမိတ်မျဉ်းရဲ့ တောင်ကိုရီးယားဘက်ခြမ်းမှာ မြောက်ကိုရီးယားဘက်ကလာတဲ့ အသက်ဝင်နေဆဲ လူသတ်မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ဖြစ်စဉ်ဟာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်မှု ဖြစ်တယ်လို့ UNC က သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ကင်ယိုဂျုံက တောင်ကိုရီးယားရဲ့ စုံစမ်းချက်ကို “လုပ်ကြံဖန်တီးမှု” လို့ ခေါ်ဆိုလိုက်ပြီး အထောက်အထားတွေကို ဖန်တီးဖို့ ကြိုးစားနေတယ်လို့ ပြန်လည်စွပ်စွဲပါတယ်။

မြောက်ကိုရီးယားက နယ်စပ်တလျှောက် အတားအဆီးတွေ တည်ဆောက်နေတာဟာ စစ်ရေးရည်ရွယ်ချက်နဲ့ မသက်ဆိုင်ဘဲ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာအရ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တောင်ကိုရီးယားဘက်ကတော့ မြောက်ကိုရီးယားအနေနဲ့ တောင်းပန်ဖို့နဲ့ နယ်စပ်ခံတပ်တည်ဆောက်တာတွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ နှစ်နိုင်ငံ နယ်စပ်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် စွပ်စွဲမှုတွေ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.